POPPY DAY သို့မဟုတ် ၁၁ရက် ၁၁လ ၁၁နာရီ ၁၉၁၈

တကယ်တော့ Poppy Day ဆိုတာက မကြာမကြာ ထုတ်ဖော်ပြောဆိုနေဖို့ သိပ်ကောင်းတဲ့ ပျော်စရာနေ့တစ်နေ့ မဟုတ်ခဲ့ပါဘူး

ပုံမှန်အတိုင်း ပြောကြဆိုရမယ်ဆိုရင်တော့ နိုဝင်ဘာလ(၁၁)ရက်ဆိုတာ ပြက္ခဒိန်စာရွက်ပေါ်က သာမန် သောကြာနေ့ တစ်နေ့လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့်လည်း ဥရောပတစ်ဝှမ်းက သတင်းမီဒီယာ စာမျက်နှာတွေနဲ့ ရုပ်သံဖန်သားပြင်တွေကတော့ ထူးထူးကဲကဲ ပန်းဆီအနီရောင် စူးစူးရဲရဲနဲ့ တစ်စုံတစ်ရာထိရှခံစားမှုကို ဖော်ညွှန်းပြ နေလေတော့ သာမန်မဟုတ်တဲ့ နေ့တစ်ရက်ကို လူးလွန့်ရုန်းကြွစေခဲ့ပါတယ်။

            အဲ့ဒီနေ့မတိုင်မီ ရက်သတ္တပတ် အတော်ကြာကြာကစပြီး ဒိနေ့ထိတိုင် ကမ္ဘာတလွှားအောင့်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပကြပါတယ်။ ဥရောပနိုင်ငံတွေသာမက အာရှတိုက်ထဲက နိုင်ငံကြီးငယ်များမှာပါ အဲ့ဒိနေ့ရဲ့ အကြိုအနှောင်းရက်ပေါင်းများစွာ ကြီးကျယ်အောင် ကြိုတင်စီစဉ်ထားတဲ့ အခမ်းအနားတွေမပါဘဲ ခံစားမှုရဲ့ သင်္ကေတစ်ခုကိုသာ အဓိကထင် ဟပ်ပြခဲ့ကြတဲ့ အောက်မေ့ဘွယ်နေ့တစ်နေ့ပါ။ အဲ့ဒိနေ့ဟာ ကမ္ဘာတလွှားမှာတော့ အောက်မေ့ဘွယ်နေ့လို့ တရားဝင် အမည် တပ်ထားတာဖြစ်ပြီး၊ လူထုကြားမှာတော့ Poppy Day လို့သာ သုံးနှုန်းခေါ်ဝေါ်လာခဲ့ကြတာ ၁၀၄နှစ်ဆိုတဲ့ ကာလတစ်ခု တောင် သမိုင်းရှည်လျားခဲ့ပြီဖြစ်ပါတယ်။

            တကယ်တော့ Poppy Day ဆိုတာက မကြာမကြာ ထုတ်ဖော်ပြောဆိုနေဖို့ သိပ်ကောင်းတဲ့ ပျော်စရာနေ့တစ်နေ့ မဟုတ်ခဲ့ပါဘူး။ လူသားအချင်းချင်း တိုက်ခိုက်သေကြေပျက်ဆီးခဲ့ရတဲ့ အင်မတန်မှ ကြေကွဲထိတ်လန့်ဖွယ်ရာ ကာလဆိုးကြီးတစ်ခုဆီက နေ့ရက်စွဲတစ်ခုပါ။ အဲ့ဒီနေ့မှာ ပထမကမ္ဘာစစ်ကြီးကို ပြေငြိမ်းရပ်တန့်ဖို့ရာ ဂျာမနီနိုင်ငံနဲ့ နိုင်ငံအသီးသီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ တော်တော်တောင် နောက်ကျသွားတယ်လို့တောင် ဆိုမယ်ဆို ရပါတယ်။ ရန်ငြိုး ရန်စဆိုတာ ဝေးလို့ တစ်စုံတစ်ရာ ရင်းနှီးသိမြင်ဘူးတာမရှိတဲ့ လူသားအချင်းချင်း တိုက်ခိုက်လိုက်ကြတာ ထောင်ပေါင်း များစွာ သေကြေပျက်စီးခဲ့ရပါပြီ။

            အဲ့ဒိ စစ်ပွဲကြီးမှာ အင်အားကြီးကြီးနဲ့ အခက်ခဲဆုံး စစ်မျက်နှာတွေကို ကျော်ဖြတ်ရုန်းကန်ခဲ့ကြရတာကတော့ ဗြိတိသျှနေမဝင် အင်ပါယာကြီးရဲ့ အရိပ်ကို ထီးရိပ်လို မိုးနေကြတဲ့ ဓနသဟာယနိုင်ငံက စစ်သည်တွေပဲ ဖြစ်ပါတယ်။ အကျအဆုံး လည်း ထိတ်လန့်ဖွယ်ရာ ကိန်းဂဏန်းကြီးပါ။ သူတို့ကို ဒီအတိုင်းကျောက်တိုင်လေးတစ်တိုင် စိုက်ပေးပြီး နှစ်သိမ့်ပေး လိုက်ရုံနဲ့ မလုံလောက်ဘူးဆိုတာ အားလုံးသိကြတယ်။ ဒါ့ကြောင့် အဲ့ဒီနေ့ရောက်တိုင်း သူတို့ကို ကျေးဇူးတင်အောက်မေ့ ဘွယ်နေ့တစ်နေ့အဖြစ် တရားဝင်သတ်မှတ်အမည်တပ်ပြီး လေးလေးစားစား ဂုဏ်ပြုပေးလေ့ရှိတဲ့ အလေ့အထတစ်ခုကို ဒီနေ့ထိ လက်ဆင့်ကမ်းသယ်ဆောင်လာကြပါတယ်။

ရှေ့ကဆိုခဲ့တဲ့အတိုင်း ပထမကမ္ဘာစစ်ကြီးကို ဝိုင်းဝန်းရပ်တန့်လိုက်ကြဖို့ရာ စစ်ပြေငြိမ်းစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြတဲ့နေ့ဟာ တိတိကျကျဆိုရရင် ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီတိတိအချိန် ဖြစ်ပါတယ်။ အဲ့ဒိနေ့ကို အောက်မေ့ဘွယ်နေ့ ဆိုပြီး စတင်အကောင်အထည်ဖော်သူကတော့ ဗြိတိန်က ဘုရင်ကြီး ဂျော့ချ်(၅) ဖြစ်ပြီး ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှာ ပြန်တမ်းတစ်စောင်ထုတ်ပြီး သတ်မှတ်ပေးခဲ့တာပါ။

            In Flanders Fields ဆိုတဲ့ ရှေးကဗျာတစ်ပုဒ်ထဲက ပန်းဆီနီရောင်ပေါ်ပီပန်းတွေဟာ ကြေကွဲမှုရဲ့ သင်္ကေတပါ ဆိုတဲ့ စာသားလေးအတိုင်း သူတို့စစ်သည်တွေရဲ့ အောက်မေ့ဘွယ် ဂူဗိမ္မာန်တွေပေါ် အနီရောင်ပေါ်ပီပန်းတွေဝေနေအောင် ဖြန့်ခင်းပေးပြီး ဂုဏ်ပြုပေးလာခဲ့ကြတဲ့ အစဉ်အလာဟာ ရှေးကာလ ခုနှစ်ကတည်းက စခဲ့တာပါ။ ဒီနေ့ ၂၀၂၂ ခေတ်ကာလရွေ့လျားလာတာနဲ့အမျှ လူသားယဉ်ကျေးမှုက ပိုတိုးလာနဲ့အညီ စစ်ဆိုတာကြီးကို ပိုမုန်းလာကြတဲ့အလျောက်  အောက်မေ့ဘွယ်နေ့မှာသာမကဘဲ ကာယကံရှင်ရဲ့ စိတ်ဆန္ဒအတိုင်း ပေါ်ပီပန်းပွင်လေးကို အင်္ကျီမှာထိုးပြီး ဝတ်စားဆင်ယင်တဲ့ ဓလေ့တစ်ခုက ဥရောပတဝှမ်းမှာ အမြစ်တွယ်သွားခဲ့ပါပြီ။ နိုင်ငံရေးလောက၊ ဂီတနဲ့ ရုပ်ရှင်လောက အပါအဝင် အားကစားလောကပါမက ကမ္ဘာ့နိုင်ငံကြီးတွေက ထိပ်သီးခေါင်းဆောင်ကြီးတွေပါမကျန် ပေါ်ပီပန်းနီနီကို ကုတ်အင်္ကျီ နက်နက်ပေါ်မှာထိုးပြီး စစ်ဆန့်ကျင်ရေးခံစားမှုကို ရည်ညွှန်းဖော်ဆောင်လေ့ရှိတာ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါပြီ။

လတ်တလောကာလမှာ အောက်မေ့ဘွယ် ပေါ်ပီဒေးကို ပုံမှန်ကျင်းပလေ့ရှိတဲ့ နိုင်ငံတွေကတော့ ဩစတြေးလျ၊ ဘာဘေးဒို၊ ဘာမျူဒါ၊ ကနေဒါ၊ အိန္ဒိယ၊ ကင်ညာ၊ နယူးဇီလန်၊ တောင်အာဖရိက၊ ဗြိတိန်၊ မြောက်အိုင်ယာလန်တို့ဖြစ်ကြပြီး အဆိုပါနိုင်ငံတွေကတော့ ဗြိတိန်ရဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး၊ အခြားသောနိုင်ငံများထဲကဆိုရင်တော့ ပြင်သစ်၊ ဘယ်လဂျီယံ၊ ဂျာမဏီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပိုလန် အမေရိကန်ပြည်ထောင်စု အစရှိတဲ့ နိုင်ငံ များမှာပါမကျန်အခြားအခြားသော နိုင်ငံတွေပါ နှစ်စဉ်ကျင်းပနေတဲ့ ကမ္ဘာကို အကြီးအကျယ်လှုပ်ခတ်စေနိုင်တဲ့ နိုဝင်ဘာလရဲ့ ထူးခြားတဲ့ရက် တစ်ရက်ကို အောက်မေ့ဘွယ် ရေးသားဖော်ပြပေးလိုက်ပါတယ်။

By : Nicolas k

POPPY DAY အမှတ်တရ ပုံရိပ်များ

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *