Facebookလူမှုကွန်ယက်စာမျက်နှာကနေ အမေရိကန်ဒေါ်လာ ရောင်းဝယ်ရေး ဆောင်ရွက်ခဲ့သူတစ်ဦးကို သြဂုတ်လ၂၈ရက်နေ့က သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးအရေးယူထားတယ်လို့ နစကကသတင်းထုတ်ပြန်ခဲ့ပါတယ်။
Facebook လူမှုကွန်ယက်စာမျက်နှာများဖြစ်တဲ့ “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group”တို့မှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှင့်ညီမျှသောမြန်မာကျပ်ငွေကို တရားဝင်ပေါက်ဈေးထက်ကျော်လွန်ပြီးဈေးနှုန်းအမျိုးမျိုးများ သတ်မှတ်ကာ တရား မဝင် ရောင်းဝယ်မှုများပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ မှ၏ “ပြည်တွင်း၌ နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/-အထိ သို့မဟုတ် ယင်းနှင့် ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်း ကိုင်ဆောင်ခွင့် ရှိသည်။ ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံ
ခြားငွေများအား နိုင်ငံခြား သုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချ လဲလှယ် ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း” ဖော်ပြထား ပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉ အရ“နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိပါသည်´´လို့ ဖော်ပြထားပါတယ်။
ထို့ကြောင့် “အများပြည်သူများအနေဖြင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အခါတွင် မိမိနှင့်အတူပါလာသည့် နိုင်ငံခြားသုံး ငွေများအား Declaration ပြုလုပ်ဆောင်ရွက်သွားရန် နှင့် တရားဝင်လိုင်စင်ခွင့်ပြုထားသော နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရရှိသူများနှင့် နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများထံတွင်သာ နိုင်ငံခြားသုံးငွေများ လဲလှယ် ဝယ်ယူရောင်းချသွားရန် အသိပေး ကြေညာအပ်ပါသည်´´လို့ နစကက အသိပေးကြေညာထားပါတယ်။