၁၄ စက်တင်ဘာ၊၂၀၂၃
City Taxi များ၏ Taxi Board များကို ပုံစံတစ်မျိုးတည်း ပြုလုပ်တပ်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ ထုတ်ပြန်သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃ (က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရန် အထက်ပါအတိုင်း သတ်မှတ်ခြင်းဖြစ်ကြောင်း YRTC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ်မှတ်သော ပုံစံမှာTaxi Board အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ် ၊ ညာ ညီညာစွာ တပ်ဆင်ထား ရှိရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင်စက်တင်ဘာလ ၁၀ ရက်မှဒီဇင်ဘာလ ၈ ရက်ထိ ပညာ ပေးကာလအဖြစ်သတ်မှတ်လုပ်ဆောင်ပြီးနောက် ဒီဇင်ဘာလ ၉ ရက်မှစတင်၍ အထက်ပါအတိုင်း မလိုက်နာသည့် City Taxi များကိုယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ မည်ဖြစ်ကြောင်းသိရသည်။