World Water Day(သို့မဟုတ်)အဝေးက ခေါင်းလောင်းသံများ

ကမ္ဘာမှာ သီးသီးသန့်သန့်ကို အထူးပြုရွေးချယ်သတ်မှတ်ထားတဲ့ နေ့ထူးနေ့မြတ်တွေ၊ အမှတ်တရနေ့တွေ၊ တစ်စုံတစ်ရာကို လှုံ့ဆော်မှု ဖြစ်စေတဲ့ နေ့တွေအစရှိသလို သီးသန့် ရက်စွဲတွေ သတ်မှတ်ထားကြတာ ကမ္ဘာ့အဝှမ်းဒုနဲ့ဒေးပါ။ ကမ္ဘာကြီးရဲ့ သုံးပုံနှစ်ပုံက ရေတွေ ဖုံးလွှမ်းထားတယ်ဆိုတာ ကလေးကအစသိတာမို့ ကမ္ဘာမှာ အပေါများ အကြွယ်ဝဆုံး အကြွယ်ဝ ဆုံး အရင်း အမြစ်လို့ပဲ လက်ညှိုးထိုးမလွဲ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ ကမ္ဘာကြီးရဲ့ နှစ်ပုံ သာသာရှိတဲ့ ရေတွေကို အမျိုးအ စားပြန် ခွဲကြည့်လိုက်တော့ လူသားတွေ တိုက်ရိုက် အသုံးချလို့ရနေတဲ့ မြေပေါ်၊ မြေအောက်မှာရှိတဲ့ ‌ရေချိုပမာဏဟာ ကမ္ဘာ့ရေ အရင်း အမြစ်အားလုံးရဲ့ တစ် ရာခိုင်နှုန်းပဲ ရှိတော့တယ်ဆိုတာသိလိုက်ရရင် ဘယ်သို့ဘယ်ပုံ ခံစားမှုမျိုး၊ အသိမျိုးဖြစ်သွား သလဲ ဆိုတာ ကာယကံရှင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ တချို့နိုင်ငံ အနည်းငယ် မှာတော့ ရေအကြောင်းကို သိပ်ပြီးရေးကြီး ခွင်ကျယ်လုပ်ပြီး သိပ်ပြောလေ့မရှိပေမယ့် (ပြောဖို့မလိုသေးတာလည်းတစ်‌ကြောင်း၊ မသိတာလည်းတစ်ကြောင်း) ကမ္ဘာ့ အရပ်ရပ်က ငါးပုံ ပုံလိုက်ရင် လေးပုံစာရှိတဲ့ ကမ္ဘာ့နိုင်ငံတွေမှာတော့ ရေအရင်းအမြစ်အတွက် ထိတ်လန့် တကြီး ဖြစ်နေကြ ရပါပြီ။ ဟိုးတစ်ချိန်ကတည်းက ရေအတွက်လူတွေသတ်ဖြတ်ခံခဲ့ရတယ်။ စစ်မက်ကြီးတွေ ဖြစ်ပွားခဲ့ရတယ်။ မိတ်ဆွေရင်း တွေ သွေးဝမ်းကွဲခဲ့ရတယ်။ ဒါ့အပြင် ရေတစ်မုတ်လောက် တစ်ပါးသူဆီက သောက်ဖူးရင်တောင် ကျေးဇူးရှင်အဖြစ် မှတ်ပါလို့ ဆိုခဲ့တဲ့ ရှေးစကားတွေကလည်း ရှိဖူးပြီဆိုတော့ ရေအကြောင်း အထူးတလည် စာဖွဲ့ရန် လိုမယ်မထင်တော့ပါဘူး။

တော်တော့ကို နောက်ကျတော့ နေပါပြီ။ ဒါပေမဲ့ ဆိုရေးရှိလို့ ဆိုရတာပါ။ World Water Day ဆိုတဲ့ နေ့တစ်နေ့ရှိပါတယ်။  စတင်သတ်မှတ်အတည်ပြုလိုက်တာက ၁၉၉၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာပါ။ အဲဒီနေ့ကို ကုလသမဂ္ဂထွေထွေ ညီလာ ခံကြီး မှာ ပြဋာန်းသတ်မှတ် လိုက်ကြတာဖြစ်ပါတယ်။ အဆိုပါနေ့ဖြစ်ဖို့ ၁၉၉၂ ခုနှစ်က ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမ္မဂညီလာခံကြီးမှာ အာဂျင်ဒါ (၂၁) နဲ့တင်ပြတောင်းဆိုခဲ့တာလည်း ပဲဖြစ်ပါတယ်။ အဲဒီကမှ တစ်ကမ္ဘာ လုံးထောက်ခံအတည်ပြုမှုနဲ့ ၁၉၉၃ ခုနှစ်မှာ World Water Day ဆိုပြီး ပေါ်ထွက်လာခဲ့တာပါ။ အဆိုပါနေ့ နောက်ပိုင်း ကမ္ဘာ့ ရေ အရင်းအမြစ်နဲ့ ကမ္ဘာ့ကြီးရဲ့ ကျန်းမာရေး မည်သို့ ဆက်စပ်ပုံတွေကို ကမ္ဘာအနှံ့အသိပညာပြန့်ပွားစေရန် ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ လေ့လာရေးခရီးစဉ်တွေထွက်ပြီး ဆွေးနွေးတိုင်ပင် အဖြေရှာကြပါတယ်။ အဆိုပါ World Water Day ကို ဦးဆောင်ထူထောင်ခဲ့သူတွေကတော့ ကုလသမ္မဂအဖွဲ့ဝင် ကမ္ဘာသူကမ္ဘာသား အားလုံးပါပဲ။ ကမ္ဘာတစ်ဝှမ်း သန့်ရှင်းသော ရေချိုရဖို့ မည်၍ မည်မျှ ခက်ခဲရှားပါးပုံတွေကို ရုပ်ရှင် ဇာတ်လမ်းတိုတွေ၊ လက်ကမ်းတွေဖြန့်ဝေပေးပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် အသိပညာဖြန့်ဝေ ပေးကြပါတယ်။ ဒီကိစ္စကို မည်သူမဆို ပါဝင်နိုင်ကြပါတယ်။

ရေရဲ့တန်ဖိုးလို့ပြောလိုက်ရင် လူတွေကနည်းနည်းပေါ့ပြက်ပြက် ဖြစ်နေတတ်ကြတယ်။ ဒီထက်ဘယ်သူတွေ ဘယ်လောက် ‌‌ရေပြဿနာရဲ့ထိုးနှက်မှုကို ခံစားနေကြရတယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းသိမြင်ဖို့လိုပါတယ်။ ဒါမှ နှိုင်းယှဉ်ကြည့်တတ်ကြမှာပါ။ ကိုယ်တိုင်လည်း ရေအရင်းအမြစ်ကို ထိန်းသိမ်းလိုတဲ့ စိတ်ဆန္ဒတွေ ပေါ်ပေါက်လာပြီး ရေဒုက္ခသည်တွေကို မည်သို့မည်ပုံ ကူညီ လျှင်ရနိုင်ကြောင်း သိမြင်လာမှာလည်း ဖြစ်ပါတယ်။

အဓိကသိသင့်တဲ့အချက်က သဘာဝရေအရင်းအမြစ်ဖြစ်တာနဲ့အညီ ရေချိုရေသန့် ဆိုတာ တိုးတက်လာမှုထက် ဆုတ်ယုတ်မှု ပျက်စီးကုန်ခန်းမှုက ပိုမိုတိုးတက်များပြားလာနေ တဲ့ ဒုက္ခဆိုးကြီးရဲ့ အရင်းအမြစ်တစ်ခုဟာ မကြာခင်မှာ ကမ္ဘာ့ ၈၀ ရာခိုင် နှုန်းကို နာတာရှည်ဝေဒနာကြီးတစ်ခုအဖြစ် တိုက်ခိုက် နှိပ်စက်တော့မယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ကြီး WHO က အထူးသတိပေးထားပြီးဖြစ်ပါတယ်။ ယခုထက် ပိုမိုထိတ်လန့်စိုးရွံ့ဖွယ်အခြေအနေတွေကို သိမြင်ချင်ရင်တော့ http: // www. unesco.org/ water ကိုဝင်ရောက်လေ့လာနိုင်တယ်လို့ပဲ ဆိုချင်ပါတယ်။

By Nicolas K

Leave a Reply

Your email address will not be published. Required fields are marked *