၁၉ ဇန်နဝါရီ၊၂၀၂၄
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်၊(၃၁-စီ)လမ်း၊(၅၃×၅၄)လမ်းကြားမှာဇန်နဝါရီလ၁၈ရက်နေ့ညပိုင်းအချိန်က အမျိုးသားတစ်ဦ၊ ဓားနဲ့ထိုးခံရပြီး၊စီးလာတဲ့ဆိုင်ကယ်နဲ့ဖုန်းလုယူခံခဲ့ရတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
ဓားနဲ့ထိုးခံရတဲ့ အမျိုးသားဟာ၂ဝအရွယ် ကုန်မာဆိုင်ဖွင့်ထားသူဖြစ်ပြီး၊နေအိမ်ကိုဆိုင်ကယ်နဲ့ပြန်လာချိန်လုယက်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
“ဒီရက်ပိုင်းမန္တလေးမှာလုယက်ခံရတာတော်တော်များများနေတယ်၊တယောက်ထဲသွားရင်အန္တာရယ်များလို့၊ သတိထားနေရတယ်။ဆွဲကြိုးဖြတ်တာရော၊ဖုန်း၊ဆိုင်ကယ်ပိုက်ဆံအိတ်လုတာ တော်တော်ဆိုးလာပြီ၊အုပ်စုလိုက်လုယက်ကြတာ”လို့မန္တလေးမြို့ခံတဦးက ပြောပါတယ်။
လုယက်သူတွေဟာ အဖွဲ့လိုက်ကျူးလွန်ခဲ့တာဖြစ်ပြီး၊ဓားဖြင့်ခုတ်ထိုးခံရတဲ့ အမျိုးသားဟာကျောယာဘက်တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ယာဘက်လက်ဖျံတွင်ခုတ်ဒဏ်ရာ(၃)ချက်ရရှိခဲ့ပြီး၊ဆေးကုသမူခံယူနေရတယ်လို့ သိရပါတယ်။
ယမန်နေ့က ပြည်ကြီးတံခွန်ဘက်မှာလည်း အသက်၅၀အရွယ်ရှိသူတစ်ဦး လုယက်ခံလိုက်ရတာလည်းရှိပါတယ်။
ချမ်းအေးသာစံမှာ ဓားနဲ့ထိုးခုတ်ပြီးဆိုင်ကယ်၊ဖုန်းလုယူသွားသူများကို ဥပဒေအရအရေးယူပေးပါရန်တိုင်တန်းထားတာကြောင့် ရဲတပ်ဖွဲ့ ကစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။



