၂၀၂၃ ဘရစ်ခ်စ်ထိပ်သီးဆွေးနွေးပွဲကိုဗလာဒီမာပူတင် တက်ရောက်မည်မဟုတ်

လာမယ့်ဩဂုတ်လနှောင်းပိုင်းမှာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ်စဘတ်မြို့က လက်ခံကျင်းပမယ့် ၂၀၂၃ဘရစ်ခ်စ်ထိပ်သီးဆွေးနွေးပွဲကို ရုရှားသမ္မတလာဒီမာပူတင် တက်ရောက်တော့မှာမဟုတ်တဲ့အကြောင်း တောင်အာဖရိကသမ္မတရုံးက ဇူလိုင၂၀မှာ အတည်ပြုကြေညာတယ်။

နှစ်ဖက်သဘောတူညီမှုအရ ရုရှားသမ္မတမတက်ရောက်ဘဲ သူ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် တက်ရောက်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြတယ်။တခြားဘရစ်ခ်စ်အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်အသီးသီးအနေနဲ့ လူကိုယ်တိုင်တက်ရောက်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မှတ်ချက်ချတယ်။

လွန်ခဲ့တဲ့မတ်လမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ရုရှားသမတဗလာမာပူတင်ကို ယူကရိန်းကျူးကျော်စစ်မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်လို့စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ဆင့်ခဲ့တယ်။ ရုရှားဖက်က အဲဒီခုံရုံးရဲ့ဖမ်းဝရမ်းထုတ်ဆင့်မှုကို မထီမဲ့မြင်ပြုခဲ့တယ်။

ဒါပေမယ့် အခုသမ္မတဗလာဒီမာပူတင် တောင်အာဖရိကကိုသွားရတော့မယ်ဆိုတော့ မထီမဲ့မြင်ပြုလို့မရတော့ဘူး။ တောင်အာဖရိကဟာ ရောမစာချုပ်မှာလက်မှတ်ထိုးထားတဲ့ စာချုပ်ဝင်နိုင်ငံဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ဘယ်လောက်ရာထူးကြီးတဲ့ ဘယ်လိုလူကိုမဆို ဖမ်းပေးရမယ့်တာဝန်ရှိတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေအရအပ်နှင်းထားတဲ့ အဲဒီတာဝန်ကို တောင်အာဖရိကသမ္မတက ပြည်တွင်းဥပဒေနဲ့ ချေဖက်ဖို့ တရားလွှတ်တော်မှာ ကျမ်းကျိန်လွှာတင်သွင်းပြီး သွေးတိုးစမ်းကြည့်သေးတယ်။ ရုရှားကလက်ရှိအာဏာရနေတဲ့ခေါင်းဆောင်ဖြစ်သူ သမ္မတဗလာဒီမာပူတင်ကို ဖမ်းလိုက်ရင် စစ်ကြေညာသလိုဖြစ်သွားလိမ့်မယ်လို့ သူကပြောတယ်။ ဒါပေမယ့် တောင်အာဖရိက အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်မခံဘဲ ကန့်ကွက်ခဲ့ကြတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *