၈၊နိုဝင်ဘာလ၊ ၂၀၂၃
၂၀၂၁ ဖေဖော်ဝါရီ၁ရက်မှစတင်ပြီး၊၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး၊သေဒဏ် ချခံထားရသူစုစုပေါင်း(၁၆၃) ဦး ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သည်ကနေ့ထုတ်ပြန်ထားပါတယ်။
သေဒဏ်ချမှတ်ခံထားရစုစုပေါင်း (၁၂၀) ဦး ရှိပြီး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦးရှိနေပါတယ်။
အဆိုပါကာလအတွင်း စစ်ကိုင်းတိုင်းမှာ စစ်တပ်က အမျိုးသမီး (၆၄၅) ဦးကို ဖမ်းဆီးခဲ့ပြီး၊ လက်ရှိ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရသူ အမျိုးသမီး (၁၉၉) ဦးရှိပါတယ်။
(၁၉၉) ဦးအနက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ (၇) ဦးနဲ့သေဒဏ်ချမှတ်ခံထားရသူ (၁) ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ပြည်သူ စုစုပေါင်းမှာ (၄၁၇၆) ဦး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းဆိုပါတယ်။
အေအေပီပီအနေနဲ့အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားပါတယ်။
ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၃၈၆) ဦးရှိပြီး ထိုအထဲမှ (၁၉၆၆၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၀၂၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၂၆) ဦး ရှိခဲ့ပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သည်ကနေ့ထုတ်ပြန်ထားပါတယ်။