၇ အောက်တိုဘာလ၊၂၀၂၃
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၅ : ၁၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည်။







အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ၊ အမျိုးသား (၄)ယောက်တွဲ ပြိုင်ပွဲ၌ ပထမ ရွှေတံဆိပ်(၁)ဆုရရှိသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat) အမျိုးသမီးမီတာ(၅၀၀) (၁၂)တက်လှော် ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်(၁)ဆုနှင့် အမျိုးသား မီတာ(၁၀၀၀) (၁၂)တက်လှော် ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်(၁) ဆုရရှိခဲ့သည့် လှေလှော်အားကစား အဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ ပြန်လည်လိုက်ပါလာကြသည်။






ယနေ့ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲမှ သန့်ဇင်ဦး ၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ ဇင်ကိုကို၊ အောင်ခန့်သူ ၊ ရှိန်းဝဏ္ဏဇော်တို့ဖြစ်ပြီး မြန်မာအားကစားအဖွဲ့သည် (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်(၁) ဆု၊ ကြေးတံဆိပ်(၂)ဆု စုစုပေါင်းဆုတံဆိပ်(၃)ဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။