
Photo Credit: Ali Haider/ EPA
ဟောင်ကောင်၊ အောက်တိုဘာ ၉
မြင်ရသူတိုင်း ရင်သပ်ရှုမောရတဲ့ “Williamson Pink Star”လို့ နာမည်ပေးထားတဲ့ ပန်းရောင်စိန်တုံးကြီးကို ဒေါ်လာ သန်း ၆၀ နီးပါးနဲ့ ရောင်းချခဲ့ရပြီး ဒါဟာ မျှော်မှန်းထားတဲ့ ဈေးထက် နှစ်ဆလောက် ပိုများတယ်လို့ ဟောင်ကောင်အခြေစိုက် Sotheby’s Asia လေလံကုမ္ပဏီက ၂၀၂၂ခုနှစ် အောက်တိုဘာ ၉ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖော်ပြတဲ့ ပန်းရောင်စိန်တုံးကြီးဟာ ဟောင်ကောင်ဒေါ်လာ ၄၅၃ဒဿမ ၂သန်း (သို့) ကန်ဒေါ်လာ ၅၈ သန်းဝန်းကျင်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၇ရက်က ရောင်းချခဲ့ကြောင်း Sotheby’s လေလံဌာနက ဖော်ပြတဲ့ သတင်းတွေအရ သိရတာဖြစ်ပါတယ်။ အရင်ကတော့ ဒီစိန်တုံးကို ကန်ဒေါ်လာ ၂၁ သန်းလောက်နဲ့ ရောင်းချနိုင်ဖို့ သာ မျှော်မှန်းထားတာလို့လည်း သိရပါတယ်။
“Williamson Pink Star” လို့ မှည့်ခေါ်ထားတဲ့ အဲ့ဒိစိန်တုံးကြီးဟာ ၁၁ဒဿမ၁၅ ကာရက် ရှိပြီး လေလံတင်ရောင်းချဖူးသမျှထဲမှာ အသန့်ရှင်းဆုံးနဲ့ ပန်းရောင်အရင့်ဆုံးစိန်တွေထဲက တစ်ခုဖြစ်တဲ့ အကြောင်းလည်း Sotheby’s က ထုတ်ပြန်တဲ့ သတင်း တွေမှာ ဖော်ပြကြပါတယ်။
တကယ်တော့ ပန်းရောင်စိန်တုံးကို ရှာဖွေတွေ့ရှိတာဟာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ မကြာသေးတဲ့ အချိန်က Hrgyle သတ္တုတွင်းကို ပိတ်သိမ်းလိုက်ရာက ဒီ ပန်းရောင်စိန်တုံးကြီး ဈေးကွက်ထဲမှာ ပေါ်လာတာလို့ Sotheby’s Asia ရဲ့ လက်ဝတ်ရတနာနဲ့ နာရီဆိုင်ရာ ဥက္ကဌ ဝမ်ဟောက်ယူ ကပြောပါတယ်။ “ရောင်းလိုအား အကန့်အသတ်တွေ ဖြစ်လာပြီး ဝယ်လိုအားက မြင့်တက်လာတာမို့ ၅ကာရက်အထက် အရည်အသွေးမြင့် ပန်းရောင်စိန်ကြီးတွေရဲ့ စျေးနှုန်းတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲ အဆမတန် မြင့်တက်လာခဲ့တာပါ” လို့လည်း ဝမ်ဟောက်ယူက ပြောပါသေးတယ်။
အခု လေလံအောင်သွားတဲ့ Pastel-hued လို့ခေါ်တဲ့ ပန်းရောင်စိန်တုံးကြီးကိုတော့ ၂၀၁၇ ခုနှစ်က ကန်ဒေါ်လာ ၇၁ဒဿမ၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တဲ့ CTF Pink Star နဲ့ မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ အယ်လိ့ဇဘက်ဘုရင်မကြီး လက်ဆောင်အဖြစ်ရခဲ့ဖူးတဲ့ “Williamson” လို့ နာမည်ပေးထားတဲ့စိန်ပွင့်ရဲ့ နာမည် နှစ်ခုကိုပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ “Williamson Pink Star” ဆိုပြီး နာမည်ပေးလိုက်တာလို့ ဆိုပါတယ်။
Williamson Pink Star ကို တန်ဇန်းနီးယားနိုင်ငံက Williamson သထ္ထူတွင်း က တူးဖော်ရရှိခဲ့တဲ့ ၃၂ကာရက် ရှိ စိန်အကြမ်းတုံးကနေ လှီးဖြတ်သွေးယူ ထားတာလို့လည်း Sotheby’s က ပြောပါတယ်။
ကမ္ဘာအနှံကထွက်တဲ့ စိန်တွေရဲ့ နောက်ဆုံးမှတ်တိုင်ကတော့ ဒူဘိုင်း၊ စင်္ကာပူ၊ တိုင်ပေ နဲ့ ဟောင်ကောင် တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: CNN

PhotoCredit: Sotheby’s/AP