
မဲလ်ဘုန်း၊ ဩဂုတ် ၁၀
ဩဂုတ်လ ၈ရက် တနလ်ာနေ့က ကွယ်လွန်သွားတဲ့ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အော်လီဗီယာ နယူတန် ဂျွန် ကို အမှတ်ရ ဂုဏ်ပြုတဲ့အနေနဲ့ ဩစတြေးလျနိုင်ငံက ကမ္ဘာကျော် ဆစ်ဒနီ အော်ပရာဟောက်စ် အပါအဝင် အထင်ကရနေရာတွေမှာ ပန်းရောင်မီးတွေ ထွန်းညှိထားကြပါတယ်။
ပတ်သ်မြို့က အော့ပ်တပ် စတေဒီယံ၊ မဲလ်ဘုန်းမြို့က ဖလင်ဒါလမ်း အပါအဝင် မီးရထားဘူတာရုံတွေပါမကျန် ပန်းရောင်တွေ တောက်ပနေခဲ့ပါတယ်။
အော်လီဗီယာက ယူကေမှာ မွေးခဲ့တဲ့ ဗြိတိသျှ-သြစတြေးလျလူမျိုး ဖြစ်ပြီး ဩစတြေးလျ ရဲ့ အချစ်ဆုံး အဆိုတော်တွေက တစ်ယောက်လည်း ဖြစ်ခဲ့တာပါ။
ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန် အင်ဒရူးက “ အော်လီဗီယာက ကင်ဆာရောဂါနဲ့ပတ်သက်ပြီး လူတွေကို ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါမကျန် ခွန်အားပေးခဲ့တယ်။ အသိပညာရော၊ သုတေသနနဲ့ ကုသရေးတွေပါ ကြီးကြီးမားမား ပံ့ပိုးခဲ့တယ်” လို့ ပြောပါတယ်။ မဲလ်ဘုန်းမြိုရဲ့ မြို့လယ်က ယဥ်ကျေးမှု့နဲ့ အနုပညာ ရပ်ဝန်းဖြစ်တဲ့ ဖက်ဒ်ရင်ပြင်မှာလည်း အော်လီဗီယာရဲ့ ပုံကို ပြသထားပြန်ပါတယ်။

အော်လီဗီယာဟာ ၁၉၉၀ ခုနှစ်အစောပိုင်းတွေမှာ တစ်ကြိမ်၊ ၂၀၁၇ခုနှစ်မှာနှစ်ကြိမ် ရင်သားကင်ဆာ လက်ကနေမှ လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာလည်း သူဟာ ကျောရိုးကင်ဆာ ရောဂါ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ အဲ့ဒီအကြိမ်မှာလည်း သူက ရအောင် ကျော်ဖြတ်နိုင်ခဲ့ပြန်တယ်။ အဓိကကတော့ သူ့ရဲ့ အကောင်းမြင်စိတ်ပါ။
“ကင်ဆာလို ခက်ခဲ ပြင်းထန်တဲ့ အရာတစ်ခုကိုတောင်မှ အားတင်းဖြတ်သန်းရင် အပြုသဘောဆောင်တဲ့ အရာတစ်ခု ထွက်လာမယ်လို့ ယုံကြည်ပါတယ်” လို့ မဲလ်ဘုန်းမှာ ၂၀၁၂ ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့ Olivia Newton-John Cancer Wellness and Research Centre ရဲ့ ဝဘ်ဆိုဒ်မှာ အော်လီဗီယာ ကိုယ်တိုင်ရေးသားခဲ့ပါတယ်။
အော်လီဗီယာ နယူတန် ဂျွန် တစ်ယောက် အမေရီကန်နိုင်ငံ ကယ်လီဖိုးနီး ယားမှာ ရင်သားကင်ဆာရောဂါ ကို ဆယ်စုနှစ်တစ်ခုအကြာ ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ပြီး နောက် ၂၀၂၂ခုနှစ် ဩဂုတ်လ ၈ရက်နေ့မှာတော့ ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၇၃နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။ “ let Me Be There” “ Zanado” “Physical “ စတဲ့ သူ့ရဲ့သီချင်း တွေက တစ်ကမ္ဘာလုံးမှာ အရမ်း ကျော်ကြားခဲ့တာ ဒီနေ့တိုင်ပါ။ သူဟာ ဂရမ်မီဆုကိုလည်း လေးကြိမ်တိုင်တိုင် ရရှိထားသူလည်း ဖြစ်ပါတယ်။
အလားတူပဲ ကင်ဆာဝေဒနာရှင်တွေအတွက် အများကြီး ကူညီထောက်ပံ့ခဲ့သူ ဖြစ်တဲ့အလျောက် ဒိနေ့တိုင် သူပြုခဲ့တဲ့ လှု ဒါန်းမှုတွေက ကင်ဆာလောကအတွက် အရမ်းကို အရေးပါတဲ့ ကိစ္စတွေအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဩစတြေးလျနိုင်ငံက အော်လီဗီယာရဲ့ ဈာပနကို နိုင်ငံတော်ဈာပန အဖြစ် ကျင်းပဖို့ စီစဥ်ကြိုးပမ်းနေကြတယ်လို့ သိရကြောင်းပါ။

Ref: CNN