နယူးဒေလီ၊ အောက်တိုဘာ ၄
အိန္ဒိယ အကြမ်းဖက်မှု ဆန့်ကျင်ရေး ရဲတပ်ဖွဲ့က သတင်းဝဘ်ဆိုဒ်တစ်ခုနဲ့ ဆက်နွှယ်သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့သလို ထပ်ပြီးလည်းတရုတ် ရန်ပုံငွေနဲ့ ဆက်နွှယ်နေတဲ့ အမှုတစ်ခုမှာ ပတ်သက်နေတယ်လို့ ယူဆတဲ့သူ ၄၄ ယောက်ရဲ့ နေအိမ်တွေ ကိုလည်း ဝင်ရောက်စီးနင်းခဲ့တဲ့အကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက် နေ့က ပြောဆိုလိုက်ပါတယ်။
မြို့တော်နယူးဒေလီမှာ အရုဏ်ဦးဝင်ရောက်စီးနင်းမှုတွေကြောင့် သတင်းလွတ်လပ်ခွင့် ကျဆင်းနေတဲ့ နိုင်ငံ တစ်ခုက မီဒီယာအခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ့ မြင့်တက်လာခဲ့တယ်လို့လည်း သတင်းတွေ မှာ ဖော်ပြပါတယ်။
ဝင်ရောက်စီးနင်းခံရသူတွေဟာ နိုင်ငံခြားရန်ပုံငွေတွေ ယူနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယအာဏာပိုင်တွေက ၂၀၂၁ ခုနှစ်မှာ တရားစွဲဆိုထားတဲ့ အင်္ဂလိပ်ဘာသာသတင်းဝက်ဘ်ဆိုက် NewsClick နဲ့ အချိတ်အဆက်ရှိနေတယ် ဆိုတဲ့ သတင်းတွေအရ အခုလို လုပ်ကိုင်ခဲ့တာလို့ ပြောပါတယ်။
New York Times သတင်းစာက ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဖော်ပြလိုက်တဲ့ သတင်းအရ NewsClick ကို အမေရိကန် သန်းကြွယ်သူဌေး နက်ဗယ် ရွိုင် ဆင်းဟမ် က ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်ကိုတော့ ဆင်းဟမ်က ငြင်းဆိုထားပါတယ်။ ဒါ့အပြင် ဆင်းဟမ် ဟာ ဘေကျင်းအစိုးရနဲ့ အရမ်းနီးကပ်တဲ့ဆက်ဆံရေး ရှိတဲ့သူ ဆိုပြီးလည်း စွပ်စွဲထားပါတယ်။
နယူးဒေလီနဲ့ ဘေကျင်းတို့ဟာ ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဟိမဝန္တာတောင်တန်းတိုက်ပွဲ ကြောင့် သံတ မန်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းအေးခဲသွားစေတဲ့ ကာလရှည်ကြာ နယ်စပ်အငြင်းပွားမှု တစ်ခု ကလည်း ဒီနေ့ထိ အဆုံးမသတ်နိုင်သေးဘူးလို့ လည်း သိရပါတယ်။
လတ်တလောမှာ အမျိုးသား ၃၇ယောက်နဲ့ အမျိုးသမီးကိုးယောက်ကို စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့အထဲက နှစ်ယောက်ကို ဖမ်းဆီးမိချိန်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောပြတာ မရှိသေးဘူးလို့ သိရပါတယ်။
Ref: AFP/yb
ပုံစာ။ NewsClick ရဲ့ အယ်ဒီတာချုပ်ကို အောက်တိုဘာ၃ရက်က နယူးဒေလီမှာရှိတဲ့ ဒေလီရဲ အထူးအကျဉ်းခန်းကို ဖမ်းဆီးခေါ်ဆောင်သွားစဥ်
Feature Image Credit: AP