အားကစားကွင်းတွေထဲ  ထိတ်လန့်စရာအသက်အန္တရာယ်ကြုံရတဲ့ အဖြစ်ပျက်တွေထဲမှာ မှတ်တမ်းအသစ်တစ်ခု ဖြစ်လာတဲ့ အင်ဒိုနီးရှား ဘောလုံးပွဲ

ရှုံးသွားတဲ့ အသင်းဘက်က ပရိသတ်တွေကွင်းထဲကို ကျူးကျော်ဝင်ရောက်ပြီး ရန်ပြု့လာလို့ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ် ဖြိုခွင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
photo credit: Yudha Prabowo/AP

ဂျာကာတာ၊ အောက်တိုဘာ ၃

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှာ  ၂၀၂၂ အောက်တိုဘာ ၁ရက်နေ့ ညက  ယှဥ်ပြိုင်ကစားခဲ့တဲ့ အရီမာ အသင်းနဲ့ ပါစာဘာယာ ဆူရာဘာယာ အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ပြည်တွင်းလိ့ခ် ပြိုင်ပွဲမှာ နှစ်ဖက် ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်အပြီးမှာတော့ အနည်းဆုံး လူ ၁၂၅ ဦးထက်မနည်း သေဆုံးပြီး ၂၀၀နီးပါး ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသားရဲချုပ်က  အောက်တိုဘာ ၂ရက်နေ့က ပြောကြားလိုက်ပြီဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ အကြီးဆုံးဘောလုံးအသင်းနှစ်သင်းဖြစ်တဲ့ အရီမာ အသင်းနှင့်  ပါစာဘာယာ ဆူရာဘာယာ အသင်းတို့ ထိပ်တိုက်တွေတဲ့ပွဲမှာ အိမ်ကွင်းမှာ အရီမာ အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးလိုက်တဲ့နောက် မှာတော့ ကွင်းထဲကို  ဆူရာဘာယာအိမ်ကွင်းပရိသတ်တွေ ဝင်လာပြီး ခိုက်ရန်ဖြစ်ပွားကြရာက အစပြုခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကွင်းထဲမှာ ခိုက်ရန်ဖြစ်ပွားနေတဲ့အချိန်   ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီးနိမ်နင်းရာက ပရိတ်သတ်တွေ အသက်ရှူကြပ်ကုန်တဲ့အထိ ဖြစ်ခဲ့တဲ့အ ကြောင်း အရှေ့ဂျာဗားရဲချုပ် နီကို အာဖင်တာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အားကစားကွင်းထဲမှာ ရိုက်ထားတဲ့ ဗီဒီယိုတွေလည်း အခင်းဖြစ်ညက တစ်ညလုံးဆိုရှယ်မီဒီယာမှာ တောက်လျှောက်တက်နေခဲ့ပြီး  အနီရောင်နဲ့အပြာရောင်ပါတဲ့ အိမ်ကွင်းအသင်းရဲ့ အရောင်တွေ ဝတ်ထားတဲ့ ပရိသတ်တွေ ကွင်းထဲ ဝင်လာပြီးတဲ့နောက် အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံဝတ်ဆင်ထားတဲ့ အင်ဒိုနီးရှားလုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့နေပုံတွေကို ပြသခဲ့ပါတယ်။

မျက်ရည်ယိုဗုံးလို့ ထင်ရတဲ့မီးခိုးတွေကိုတော့ နောက်ပိုင်း ဗီဒီယိုတွေမှာ မြင်ရပြီး လူအတော်များများကို အဆောက်အဦထဲ သယ်သွားတဲ့ ပုံတွေ ပါဝင်ပါတယ်။ “အောက်ဆီဂျင်ပြတ်လပ်မှုနဲ့ အသက်ရှူမဝခြင်း” ဝေဒနာကို ခံစားရပြီး အနီးနားကဆေးရုံတွေဆီကို ပို့ထားတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခိုးငွေတွေ ကြားထဲက ဘောလုံးပရိသတ်များ
Photo Credits: detikjatim news

တနင်္ဂနွေနေ့ အစောပိုင်းက အခင်းဖြစ်ပွားရာ အရှေ့ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ သေဆုံးသူ ဦးရေက ၁၃၁ ဦးရှိတယ်ပြောပါတယ်။  အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ လစ်စယို စီဂျစ် ပရာဘိုဝို ကတော့ တချို့ အသေအပျောက်တွေကို နှစ်ကြိမ်ကို မှတ်တမ်းတင်ထားမိတာမို့ ကွဲလွဲမှု ရှိနိုင်ကြောင်း ပြောပါတယ်။

ဂျိုကိုဝီလို့  လူသိများတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း လိဂ်ပွဲစဥ် အားလုံးကို ရပ်ထားဖို့ တနင်္ဂနွေနေ့က အမိန့်ထုတ်ခဲ့ပါတယ်။

“ဒီအမှုကို  အောက်ခြေအထိ စုံစမ်းဖို့  ရဲချုပ်ကို အထူးတောင်းဆိုထားပါတယ်” လို  ဂျိုကိုဝီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ  ပြောခဲ့ပါတယ်။ “အင်ဒိုနီးရှားမှာ အားကစား၊ လူသားဆန်မှုနှင့် ညီရင်းအစ်ကို ဆက်ဆံရေးကို လက်ကိုင်ထားသင့်တယ်။” “ဒီအဖြစ်ဆိုးကို ကျွန်တော်တို့ နောင်တရပြီး ဒါဟာ အင်ဒိုနီးရှားဘောလုံးလောကမှာ နောက်ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ (ဒါ) ကို ငါတို့ လက်မခံနိုင်တော့ဘူး။” လို့ ပြောကြားပါတယ်။

အခင်းဖြစ်တဲ့  ကန်ဂျူရူဟန်အားကစားကွင်းက အရှေ့ဂျာဗားမှာရှိပြီး ဘောလုံးပွဲတွေ အတွက် အများဆုံး အသုံးပြုတာ ဖြစ်ပါတယ်။ ကွင်းရဲ့ ပရိသတ်ဝင်ဆံ့မှုက ပရိသတ် ၃၈,၀၀၀ ခန့် လို့သိရပါတယ်။ဒါပေမယ့် ပွဲအတွက် လက်မှတ် ၄၂,၀၀၀ ကို ထုတ်ပေးခဲ့တယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။ နောက်ပြီး ပရိသတ်အရေအတွက်ကြောင့် ပွဲကို  ညပိုင်းမကျင်းပဘဲ နေလည်ပိုင်းမှာ ကျင်းပဖို အကြံပြုခဲ့သေးတယ်လို့ အင်ဒိုနီးရှားလုံခြုံရေး၀န်ကြီးချုပ် မယ်ဖတ် အမ်ဒီ ကသူ့ရဲ့ တရားဝင်လူမှုမီဒီယာအကောင့်ကနေ့ ပို့စ်တစ်ခုတင်ခဲ့ ပါတယ်။

ဆက်ပြီးသူကပဲ အားကစားကွင်းက  “သူ့ရဲ့အမြင့်ဆုံး ဝန်ဆောင်နိုင်မှုထက်ကို ကျော်နေတယ်” လို့သူကထပ်ပြောပါသေးတယ်။“ကျွန်တော်တို့ရဲ့ အဆိုပြုချက်တွေကို မလိုက်လျောဘူး။ ကွင်းထဲမှာရှိတဲ့ အားပေးသူတွေဟာ ဧည့်အသင်း အရီမာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အလေးထားချင်ပါတယ်။” လို့ပြောပါတယ်။

“မြို့နှစ်မြို့ကြားက ယှဉ်ပြိုင်တဲ့ အားကစားအသင်းအားလုံး (အင်ဒိုနီးရှား) က အမြဲတမ်း ပြင်းထန်ပါတယ်” လို့ အင်ဒိုနီးရှားဘောလုံးပွဲတွေအကြောင်း လေ့လာသုံးသပ်သူ ဒက်ဇ် ဂလန်နီဇာ ဆိုပါတယ်။ နောက်ပြီး တော့ အရီမာအသင်း နဲ့ ပါဆာဘာယာ အသင်း ပရိသတ်တွေကို တစ်ဖက်နဲ့တစ်ဖက် အဝေးကွင်းတွေကို လိုက်ပြီး ကြည်ဖို့ တားမြစ်ထားတဲ့ အကြောင်း “(ဒါက) ထောက်ခံသူတွေကြား သဘောထားကွဲလွဲမှုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားဖို့ပါပဲ” ဆိုတာကို စီအန်အန်သတင်းထောက်နဲ့ တွေ့ဆုံခိုက် ပြောခဲ့ပါတယ်။

ကွင်းထဲအထိရောက်လာတဲ့ အိမ်ကွင်း ပရိသတ်များ Photo: Yudha Prabowo/AP

အခုချိန်မှာတော့ စနေနေ့က အဖြစ်အပျက်ကို ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်မှုအပေါ် ဝေဖန်မှုတွေက ကြီးထွားလာနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့  စောင့်ကြည့်ရေးအဖွဲ့ Indonesian Police Watch (IPW) ရဲ့ ကြေငြာချက်တစ်စောင်မှာတော့ မာလန်ရဲချုပ်ဖယ်လီ ဟီဒါယတ် ကို ဖယ်ရှားပေးဖို့တောင်းဆိုခဲ့ပါတယ်။“ဒီပွဲက အင်ဒိုနီးရှားဘောလုံးသမိုင်းမှာ အဆိုးဆုံးပါပဲ။  မာလန်ရဲချုပ် ရှက်ရွံ့ပြီး နှုတ်ထွက်သင့်တယ်” လို့ IPW က ပြောပါတယ်။

ပြည်ပရောက်အင်ဒိုနီးရှားလူ့အခွင့်အရေးရှေ့နေ ဘရော်နီကာ ကိုမန် က ရဲတပ်ဖွဲ့ရဲ့ မျက်ရည်ယိုဗုံးအသုံးပြုတာကို ရှုတ်ချခဲ့ပါတယ်။ “ရဲတွေရဲ့ မျက်ရည်ယိုဗုံးကို အလွဲသုံးစားလုပ်မှုဟာ ဥပဒေနဲ့မညီဘဲ နှိပ်စက်ညှဉ်းပန်းမှု ပါပဲ” လို့ သူမက ဆိုပါတယ်။

“မျက်ရည်ယိုဓာတ်ငွေ့ဟာ စစ်ပွဲတွေမှာတောင် တရားမဝင်ဘဲ  ပြည်တွင်းအသုံးပြုမှုတွေမှာကြတော့ ဘာကြောင့် တရားဝင်ဖြစ်နေသေးတာလည်း” လို့လည်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။

အခု ဖြစ်ရပ်မတိုင်မီ ကမ္ဘာမှာ မှတ်တမ်းတင်ထားတဲ့အားကစားကွင်းထဲ သေကျေထိခိုက်တဲ့ အဖြစ်ဆိုးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ဒါက အဂ်လန်နိုင်ငံ ရော့ခ်ရှိုင်းယားက ဟေးစ်ဘားရတ် အားကစားကွင်းထဲက အဖြစ်ဆိုးကြီးပါ။ ၁၉၈၉ခုနှစ် ဧပြီလ ၁၅ ရက်မှာ ဖြစ်ပွားခဲ့တာပါ။ အဖြစ်က အက်ဖ်အေဖလားပွဲစဥ်မှာ မြို့ခံ လီဗာပူးအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းတို့ ကစားတဲ့ပွဲစဥ်မှာ ပရိသတ်တွေ အဆမတန်များခဲ့တာရယ်။ ကွင်းအနေအထားကြောင်းတွေရယ်၊ စီမံခန့်ခွဲမှုအလွဲတွေကြောင့် လူအုပ်ကြီးပြိုပြီး ပရိသတ် ၉၇ယောက်သေဆုံးကာ ၇၆၆ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ အင်ဒိုနီးရှား ဖြစ်စဥ်ကတော့ သမိုင်းမှတ်တမ်းအသစ်တစ်ခု ဖြစ့်ိိခဲပါြပီ။

အင်ဒိုနီးရှားဟာ လာမယ့်နှစ်၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့စီစဉ် နေတာဖြစ်ပြီး  အာရှဖလားပြိုင်ပွဲ ကျင်းပဖို့လည်း ကြီုးစားနေချိန်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မျော်လင့်မထားတဲ့ ကြမ္မာဆိုးကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်ပြီးစိစစ်မှုများ ပြုလုပ်ခံရတော့မှာ ဖြစ်တယ်လို့ သိရကြောင်းပါ။

Ref: detikjatim news( Indonesia)

အဓိကရုဏ်းအပြီးသေဆုံးသူတွေရဲ့ Saiful Anwar ဆေးရုံထဲက မြင်ကွင်းတခု

photo: Yudha Prabowo/AP
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *