အာရှရဲ့ နံပါတ်တစ် အချမ်းသာဆုံး ဘီလျံနာ မူကက်ရှ် အမ်ဘာနီ ရဲ့ နေရာကို ဂူတန် အဒါနီ က လွဲပြောင်းရယူ

မူကက်ရှ် အမ်ဘာနီ ( လက်ဝဲ) ဂူတန် အဒါနီ (လက်ယာ)

နယူးဒေလီ၊ ဖေဖေါ်ဝါရီ ၈

ဘလွန်းဘတ်ခ်ရဲ့ အချမ်းသာဆုံးဘီလျံနာစစ်တမ်းတွေအရ အာရှရဲ့အချမ်းသာဆုံးဘီလျံနာ အဖြစ်ရပ်တည် နေသူ အိန္ဒိယ သူဌေး မူကက်ရှ် အမ်ဘာနီ ကို ကျော်ဖြတ်ကာ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ဂူတန် အဒါနီက အာရှရဲ့နံပါတ်တစ် ဘီလျံနာ ဖြစ်လာခဲ့ပါတယ်။
Adani Group ရဲ့တည်ထောင်သူ အဒါနီဟာ ဆိပ်ကမ်းတွေ၊အာကာသဆိုင်ရာစွမ်းအင်လုပ်ငန်းတွေအပြင် ကျောက်မီးသွေး လုပ်ငန်းကိုလည်း အကြီးအကျယ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဘလွန်းဘတ်ခ်ရဲ့ Bloomberg Billionaires Index ထုတ်ပြန်ချက်အရ Adani Group ရဲ့အသားတင်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၈ ဒဿမ ၅ ဘီလျံအထိရှိနေပြီလို့ သိရပါတယ်။
အခြားသော ဘီလျံနာတွေ နည်းတူ အဒါနီလည်း ကိုဗစ်ကပ်ရောဂါကာလအတွင်း ကြွယ်ဝမှုတွေ အရှိန် အဟုန်မြင့်လာ တယ်် လို့ ဆိုပါတယ်။ အကြောင်းက မနှစ်က ၂၀၂၁ နှစ်ဦးပိုင်းလောက်မှာ သူရဲ့ကြွယ်ဝ ချမ်းသာမှုက ဘီလျံ ၄၀ လောက်သာ ရှိခဲ့ တာကို ထောက်ပြပြောဆိုတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်ဆ တိုးလာတဲ့ ကိန်းဂဏန်းတွေကြောင့်ပဲ စွမ်းအင်နည်း ပညာ စွန့်ဦးတီထွင်သူ သူဌေး မူကက်ရှ် အမ်ဘာနီကို ဖြတ်ကျော်ပြီး ဂူတန် အဒါနီ တစ်ယောက် အာရှရဲ့ နံပါတ် တစ်၊ ကမ္ဘာ့အဆင့် နံပါတ် ၁၀ အဆင့်ရှိတဲ့ ဘီလျံနာ တစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ကပ်ရောဂါကာလတွေမှာ အဒါနီရဲ့ စတော့ရှယ်ယာစျေးကွက်က ၁၀၀၀ ရာခိုင်နူန်းအထိ ခုန်တက် သွားခဲ့ပါ တယ်။ တိုင်းပြည် ရဲ့ အဓိကစီးပွားရေးသော့ချက်ဖြစ်တဲ့ အခြေခံအဆောက်အဦတွေတည်ဆောက်မှုရယ် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် လုပ်ငန်း တွေမှာ အဒါနီရဲ့အုပ်စုဟာ ဂုဏ်သတင်းကောင်းရခဲ့တာကလည်း အဒါနီအုပ်စုမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာစေဖို့ အရေးပါ ခဲ့ပြန်ပါတယ်။
လက်ရှိမှာတော့ နံပါတစ်နေရာဖယ်ပေးလိုက်ရတဲ့ မူကက်ရှ် အမ်ဘာနီ ကတော့ အသားတင်ကြွယ်ဝမှု ၈၇ ဒဿမ ၉ ဘီလျံ ရှိတယ်လို ့ ဘလွန်းဘတ်ခ် က ဖော်ပြပါတယ်။ ကမ္ဘာအဆင့်ကတော့ နံပါတ် ၁၁ ချိတ်ပါတယ်။
ဆိုခဲ့သလိုပဲ ဘီလျံနာတွေစာရင်းကတော့ အတက်အကျရှိစမြဲပါ။ မကြာသေးခင်ကလည်း ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ မီတာ (Meta) ကလည်း သူဌေး မတ်ခ် ဇူကာဘတ်ခ်ရဲ့ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုထဲက ဘီလျံ ၃၀ လောက်ဆုံးရှုံးသွား တာ ကြောင့် နိုင်ငံတကာ စတော့စျေးကွက်ကြီး တစ်ခုလုံးခါရမ်းသွားခဲ့ရပြီး ကမ္ဘာ့အဆင့် နံပါတ် ၁၃ အထိကို ဆင်းပေးလိုက်ရ တယ်လို့ ဘလွန်းဘတ်ခ်က ဖော်ပြထားပါတယ်။
Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *