ဟောင်ကောင်၊ နိုဝင်ဘာ ၁၀
ဟောင်ကောင်မှာ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ဗိုင်းရပ်စ်ပိုးကို ဒေသတွင်း ဝက်မွေးမြူရေးခြံတစ်ခုမှာ ရှာတွေ့ ပြီးတဲ့နောက် ဝက်ကောင်ရေ ၅၆၀၀ နီးပါးကို သုတ်သင်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
တရုတ်ပြည်မကြီးနယ်စပ်အနားက ယွန်လောင်း ကျေးလက်ဒေသက လိုင်စင်ရ ဝက်မွေးမြူရေးခြံတစ်ခုက ဝက် ၃၇ ကောင် ကို နမူနာ စမ်းသပ်ပြီးတဲ့နောက် ASF ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။
ဗိုင်းရပ်စ်ဟာ လူအတွက်ကျန်းမာရေး အန္တရာယ်မဟုတ်ပေမယ့်လည်း မွေးမြူရေးစီးပွားရေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိတဲ့အကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကနေ သိရပါတယ်။
စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ ထိန်းသိမ်းရေးဦးစီးဌာန (AFCD) က မွေးမြူရေးခြံကိုသန့်ရှင်းရေးနဲ့ ပိုးသတ်ဆေးတွေ စီစဉ်ပေးမှာဖြစ်ပြီး လိုအပ်ပါက ဝက်ခြံတွေကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်ပါက စမ်းသပ်မှုတွေ ထပ်ပြီး လုပ်သွားမယ်လို့ ဆိုပါတယ်။
“ပြည်သူတွေ စိတ်ပူစရာ မလိုပါဘူး” လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေငြာပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝက်အရှင် ထောက်ပံ့မှုနဲ့ ဒေသတွင်း သားသတ်ရုံတွေ လည်ပတ်မှုကို ထိခိုက်မှာ မဟုတ်ဘူးလို့ လည်း သိရပါတယ်။
ဌာနအနေနဲ့လည်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို အကြောင်းကြားထားပြီး နိုင်ငံတကာမက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းကာ ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရကြောင်းပါ။
Ref: Agencies/wk
ပုံစာ။ ဟောင်ကောင်က မွေးမြူရေးခြံတစ်ခု
Feature Image Credit: AP Photo/John Locher