အာဖရိကတိုက်အနောက်ခြမ်းနိုင်ငံ ဘာကီနာ ဖာဆိုမှာ အာဏာသိမ်းစစ်အစိုးရကို စစ်တပ်ကပဲ အာဏာထပ်သိမ်း

သမ္မတ ဒါမီဘာကို ဖြုတ်ချပြီး အစိုးရကိုလည်း ဖျက်သိမ်းလိုက်တဲ့ အကြောင်းနိုင်ငံပိုင်ရုပ်သံ ထုတ်လွှင်နေပုံ
Photo Credit: BBC

ဘာကီနာ ဖာဆို၊ စက်တင်ဘာ ၃၀

ဘာကီနာ ဖာဆိုနိုင်ငံရဲ့ မြို့တော် အာဂါဒူးဂူးရဲ့ နေရာအနှံ့ က သေနတ်သံတွေ ဆက်တိုက်ကြားနေရပြီး နောက်ထပ်တစ်ရက်အကြာ စက်တင်ဘာ၃၀မှာတော့ သေနတ်သံတွေ တိတ်ဆိတ်သွားပြီး လက်ရှိ စစ်အစိုးရကို စစ်တပ်ကပဲ  အာဏာပြန်သိမ်းလိုက်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

 ၂၀၂၂နှစ်ဦးပိုင်းက အာဏာသိမ်းပြီး သမ္မတရာထူးယူထားတဲ့ စစ်အစိုးရခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ် ဟင်နရီ ဆန်ဒေဂို ဒါမီဘာ ကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ အကြောင်း၊ လက်ရှိအစိုးရကိုလည်း ဖျက်သိမ်းလိုက်တဲ့ အကြောင်း စစ်တပ်အရာရှိတွေက နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ထုတ်လွှင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအာဏာသိမ်းလိုက်တဲ့ စစ်တပ်အရာရှိတွေရဲ့ အကြောင်းပြချက်က ဖြုစ်ချလိုက်ရတဲ့ စစ်အစိုးရအနေနဲ့ အစ္စလာမ္မစ်သူပုန်ထမှုတွေကို  ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တာမျိုးမရှိလို့ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံမြောက်ပိုင်း မှာ အရပ်သားယာဥ်တန်းကို စောင့်ကျပ်ပေးနေတဲ့ စစ်သား၁၁ယောက် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ ကိစ္စကိုလည်း ကိုးကားပြောဆိုခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ နယ်စပ်ဂိတ်တွေ အကုန်ပိတ်ထားလိုက်တဲ့အပြင်  နိုင်ငံရဲ့ မြေပြင်အပါအဝင် ဝေဟင်နယ်နမိတ်တွေကိုပါ ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်း ထားသလို ဖွဲစည်းပုံအခြေခံဥပဒေရဲ့ သက်ရောက်မှုအားလုံးကိုလည်း ဆိုင်းငံထားလိုက်ပြီလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်အရာရှိဖြစ်တဲ့ ကိဆွမ်စီးဒါး ဖာရွတ် အဆာရီယ ဆိုဂို က သူတို့ အာဏာသိမ်းအဖွဲထဲက ကပ္ပတိန် အစ်ဘရာဟင် ထရာဝိုးက ဗာကီနာ ဖာဆိုရဲ့ သမ္မတသစ်ရာထူးကို တာဝန်ယူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဆက်ပြီး ဆိုဂိုကကြေငြာချက်တစ်စောင်ကို ဖတ်ကြားရာမှာ ဖြုတ်ချခံသမ္မတ ဒါမီဘာ ကို သစ္စာဖေါက်လို့ စွပ်စွဲ ခဲ့သလို “ဘာကီနာ ဖာဆိုပြည်သူတွေဟာယို့ယွင်းနေတဲ လုံခြုံရေး အခြေနေကြားမှာ နေနေရတဲ့ အနေအထားက နေလွတ်ဖို့ အသွင်ကူးပြောင်းမှု တစ်ခု လိုအပ်နေတယ်” လို့ ထည့်ပြောခဲ့တယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဒါမီဘာဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းဖြုတ်ချခဲ့ ပြီး တိုင်းပြည်အာဏာကို ရယူခဲ့သူဖြစ်ပါတယ်။ သူရဲ့ အာဏာသိမ်းအကြောင်းပြချက်က  အစိုးရဟာ အစ္စလာမ္မစ် တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်တာမျိုး မလုပ်နိုင်ခဲ့တာကြောင့်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး  တက်လာတဲ့ ဘာကီနာ ဖာဆို အစိုးရအဆက်ဆက်ဟာ နိုင်ငံအနှံ့အပြားကို လွှမ်းမိုးထားတဲ့ အစ္စလမ္မစ်အုပ်စုတွေကို ထိန်းချုပ်နိုင်ဖို့ ဒီနေ့အထိ ရုန်းကန်နေရဆဲပါ။ ဒီအချက်ကပဲ ဘာကီနာ ဖာဆိုရဲ့  အဓိက နိုင်ငံရေး ကစားကွက် ဖြစ်လာခဲ့တာ နှစ်အတန်ကြာခဲပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ရွေးကောက်ခံအစိုးရလက်ထက် နိုင်ငံအရှေ့ပိုင်းမှာ  လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး လူ ၅၀ လောက် သေဆုံးခဲ့တယ်။ ဒီအကွက်ကပဲ ဒုတိယဗိုလ်မှူးကြီး ဒါမီဘာ အတွက် အာဏာသိမ်းဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၄ရက်မှာ သမ္မတဟောင်း ရောချ့် ကိုဘိုရေ ကို ဖြုတ်ချပြီး အစိုးရတစ်ဖွဲလုံး ကိုပါ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စက်တင်ဘာ အာဏာသိမ်းမှု ရင်းမြစ်အကြောင်းခံကလည်း  အခု သီတင်းပတ်ထဲမှာ  နိုင်ငံ မြောက်ပိုင်းမြို့ တစ်မြို့ကို ရိက္ခာတွေ သယ်လာတဲ့ ကားအစီးရေ ၁၅၀ လောက်ပါတဲ့ ယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်သား၁၁ယောက် သေဆုံးခဲ့သလို  အရပ်သား ၅၀လောက်လည်း ပျောက်ဆုံးနေဆဲ ဆိုတဲ့ ဖြစ်ရပ်ပါ။ ဒီအချက်ကလည်းပဲ ရှေ့က အာဏာသိမ်းပွဲတွေရဲ့ အကြောင်းပြချက်တွေနဲ့ အလားတူ  သဘောဆောင်တဲ့  အကြောင်းပြချက်တစ်ခုလို့ ကောက်ချက်ဆွဲ ရေးသားဖော်ပြနေကြောင်း မျှဝေပေးလိုက်ပါတယ်။

Ref: CNN, BBC

အာဏာသိမ်းမခံရမီ ရက်ပိုင်းအလိုက ကုလညီလာခံမှာ တက်ရောက်နေတဲ့ သမ္မတဟောင်း ဒါမီဘာ
Photo Credit: Jeenah Moon/Bloomberg
 
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *