အင်ဒိုနီးရှားနိုင်ငံ၊တောင်ပိုင်းနာတူနာ ပင်လယ်ပြင်မှာ စက်တင်ဘာလ၁၉ရက်က ပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံတွေရဲ့ စစ်တပ်တွေ ပထမဆုံးစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံက ကိုယ်စားပြုပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အာဆီယံနိုင်ငံတွေရဲ့စစ်တပ်တွေ ပထမဆုံးစစ်ရေးလေ့ကျင့်မှုကို ငါးရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုဟာ တိုက်ခိုက်ရေးမဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုသာဖြစ်တဲ့အပြင် လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေး၊ ပင်လယ်ရေကြောင်း ပူးတွဲကင်းလှည့်လည်ရေး စတာတွေကို ပြုလုပ်သွားမှာလို့ သိရပါတယ်။


အင်ဒိုနီးရှားစစ်တပ်အကြီးအကဲမာဂိုနိုယူဒိုက”စည်းလုံးညီညွတ်ခြင်းနဲ့ အာဆီယံဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်မယ်”လို့စစ်ရေးလေ့ကျင့်မှုပြုလုပ်တဲ့နေရာကို လာရောက်သတင်းရရယူနေတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊တောင်ပိုင်းနာတူနာပင်လယ်က ဘာတန်ကျွန်းမှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံတွေရဲ့ စစ်တပ်တွေ ပထမဆုံးစစ်ရေးလေ့ ကျင့်မှုဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံက စစ်သံမှူးတစ်ဦးကိုယ်စားပြုတက်ရောက်ခဲ့ပါတယ်။