ဒိုဟာ၊ ဖေဖေါ်ဝါရီ ၁၃
ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ ကျင်းပနေတဲ့ ဒိုဟာ ၂၀၂၄ ကမ္ဘာ့ရေပေါ်ရေအောက် အားကစားနည်း ချန်ပီယံရှစ်ပြိုင်ပွဲ (Doha 2024 World Aquatics Championships) ပြိုင်ပွဲမှာ အသက် ၁၀၀ရှိနေပြီ ဖြစ်တဲ့ အီရန်ရေငုတ်သမားဟောင်းကြီး တာဂီ အက်စ်ကာရီ က ဒိုင်ဗင်စင်ပေါ်ကနေ ရေကူးကန်ထဲကို ဒိုင်ဗင်ထိုးပြပါတယ်။ ဒါဟာ မှတ်တမ်းတစ်ခု ဖြစ်ခဲ့သလို အားကစားလောက အတွက် အမှတ်တရ တစ်ခုလည်း ဖြစ်စေခဲ့တယ်လို့ ဆိုကြပါတယ်။
အီရန်အားကစားသမားဟောင်းကြီးဟာ ၁၉၅၁ ခုနှစ် အာရှအားကစားပြိုင်ပွဲမှာ ရေငုတ်၊ဒိုင်ဗင် စတဲ့ အားကစားပွဲတွေမှာ ငွေနှင့် ကြေးတံဆိပ် ရခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
“ကျွန်တော့်အတွက်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ရေငုပ်ရတာကို ဝါသနာပါခဲ့ပါတယ်။ ကျွန်တော် အမြဲ ရေငုပ်ရတာ ဝါသနာပါတယ်။ ကျွန်တော့်ဟာ ၁၉၅၁ ကနေ ခုထိ ဘာမှ မပြောင်းလဲပါဘူး။” တာဂီ အက်စ်ကာရီ ကပြောပါတယ်။
အက်စ်ကာရီ ရဲ့ ငယ်ဘဝတုန်းက သူအိမ်နားက ရေကူးကန်ထဲမှာ အခြား ကလေးတွေ ဒိုင်ဗင်ထိုး၊ ကျွမ်းပစ်၊ ရေငုတ်နေကြတာကို စမြင်ဖူးခဲ့ပြီး သူ့ဝါသနာက အဲ့ဒီကနေ စခဲတာလို့ ပြန်ပြောပြပါတယ်။
အက်စ်ကာရီ ဘဝတစ်လျှောက်မှာ အီရန်က ပြည်တွင်းပွဲတွေအပြင် နိုင်ငံတကာပွဲတွေမှာလည်း ဆုတံဆိပ်တွေ အများကြီး ရခဲ့တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ဒိုင်ဗင်ထိုးဖို့ ပြင်နေတဲ့ အက်စ်ကာရီ
Feature Image Credit: World Aquatics



