အလှမွေးငါးအမြောက်အများ သေဆုံးမှုမှာ အဆိပ်ကြောင့်ဟု ကနဦး ရေးသားပြောဆိုမှုများအပေါ် ရှင်းလင်း တောင်းပန်

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ် နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်တော်အတွင်းမွေးမြူထားသည့် ထောင်နှင့်ချီသောရွှေငါးအမြောက်အများ အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ အဆိပ်ကြောင့်ဟု ကနဦး ရေးသားပြောဆိုမှုများအပေါ် နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ ဦးမြဝင်းက ပြန်လည်ရှင်းလင်း တောင်းပန်ကြောင်း လူမှုကွန်ရက်တွင်ရေးသားထားသည်။

“ကျွန်တော်တို့မှာကလည်း မီးသတ်ကန်မို့ အရေးအကြောင်း ရေမပေးနိုင်ရင် အပြောခံရမှာမို့ သက်တမ်း(၇)နှစ်မှာ တစ်ခါမှရေမလှယ်ပေးနိုင်ခဲ့ပါ။ တကယ်တော့ ငါးပညာပိုင်း လုံးဝလုံးဝကိုမရှိတာပါ။ ကံတရားကောင်းလို့ ဒီလောက်ဖြစ်လာတာပါ။ သဘာဝတရားအံ့ဩဖို့ကောင်းတာ ယုံကြည်ရမှာပါ။ ဒီလိုဖြစ်အောင် မွေးတာလည်းဆိုပြီး ငါးဆရာကြီးတွေလာလာမေးကြတယ်။ ကျွန်တော်တို့ ဘာပြောရမလဲ။ မပြောနိုင်ခဲ့ပါ။ ထိမ်းသိမ်းစောင့်ရှောက်သူ ကျွန်တော်တို့တွေ အသိပညာ Knowledge အင်မတန်နည်းတာမို့ ဒီလိုဖြစ်သွားတာပါ။ ကျွန်တော့် အားနည်းချက်ကြောင့် ဖြစ်ရပြီး ထုံးစံအတိုင်း ရမ်းသမ်းစွပ်ဆိုမူတွေဖြစ်ရတာမို့ အာလုံးကိုလည်းတောင်းပန်ပါတယ်” ဟု နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ ဦးမြဝင်းက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပြန်လည်ရှင်းလင်း ရေးသားတောင်းပန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်က အဆိုပါကန်အတွင်း မွေးမြူထားသော ရွှေငါးများ အစုလိုက်အပြုံလိုက်သေဆုံးရခြင်းမှာ အဆိပ်ခတ်ခံရခြင်း‌ကြောင့်ဟုစွပ်စွဲပြောဆိုမှုများကြောင့် ငါးဦးစီးဌာနက ရေနှင့် ငါးနမူနာယူဓာတ်ခွဲစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ခွဲရာတွင် သေဆုံးငါးများ၏ ပါးဟပ်မျှင် ထိပ်ဖျားများ ယောင်နေခြင်း၊ သွေးကြောများ ပေါက်နေခြင်းနှင့် မျက်လုံးများ ပြူးနေခြင်းတို့ကို တွေ့ရ‌ကြောင်း၊ယင်းမှာရေထုညစ်ညမ်းခြင်း၊ ပျော်ဝင်အောက်ဆီဂျင် မလုံလောက်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက စစ်ဆေးချက်အဖြေ ထုတ်ထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *