အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဇူလိုင်၁၄ရက်က အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်။ အိမ်ရှင်အဖွဲ့အစည်းက နိုင်ငံခြားရေးဝန်ကြီးတွေ စုံတာမစုံတာအပထား အပေါင်း၈လို့ခေါ်တဲ့ ဩစတြေးလျ၊ တရုတ်၊ဂျပန်၊အိန္ဒိယ၊ နယူးဇီလန်၊တောင်ကိုရီးယား၊ရုရှား၊ အမေရိကန်က လူကြီးမင်းတွေတော့ စုံစုံညီညီတက်ရောက်လာကြတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဝါရင့်သံတမန်ဝမ်ယီမိန့်ခွန်းပြောတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကိုရှေ့မှာထားပြီး အရှေ့အာရှဒေသအရေး ဝင်ရောက်မစွက်ဖက်ဖို့နေတိုးစစ်အုပ်စုကို မျက်နှာထားခပ်တင်းတင်း လေသံခတ်မာမာနဲ့ သတိပေးလိုက်တယ်။
ဝမ်ယီဟာ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ဂျပန်က အမေရိကန်နဲ့ပေါင်းပြီး တရုတ်ကို ရန်ဖက်ဆန်ဆန်ပြုမူပြောဆိုခဲ့တာကို ထောက်ပြပြီး ဂျပန်အနေနဲ့ သမိုင်းသင်ခန်းစာယူပြီး တရုတ်နဲ့ ပြေလည်အောင်ဆက်ဆံနေထိုင်သင့်တယ်လို့ ဝမ်ယီက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယောရှိမဆ ဟယရှိကို ပြောတယ်။
အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်သွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ဂျပန်င်ငံခြားရေးဝန်ကြီးက တုန့်ပြန်ပြောကြားတယ်။
ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ စွမ်းအင်ကိစ္စတွေမှာ တရုတ်နိုင်ငံက အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်။ အရှေ့တောင်အာရှကို နျူကလီးယားလက်နက်ကင်းမဲ့တဲ့နယ်နိမိတ်အဖြစ်စာချုပ်ချုပ်ဆိုဖို့စီစဉ်ရာမှာ တရုတ်ကဦးဆောင်မှုပေးသွားမယ်စသည်ဖြင့် ဝမ်ယီပြောသွားတာတွေက အခုထိပ်သီးအစည်းအဝေးမှာ ထူးခြားတယ်။
Ref: China Daily