အရေးပေါ်အကူအညီအတွက် ကုလ တောင်းခံထားသော ကန်ဒေါ်လာ ၃၃၃ သန်း ထဲမှ မိုခါမုန်တိုင်းသင့်သူများအတွက် ကန်ဒေါ်လာ ၁၂၂ သန်း အသုံးပြုမည်ဟု ကုလဆို

အရေးပေါ်အကူအညီအတွက် ကုလသမဂ္ဂအနေဖြင့် တောင်းခံထားသော အမေရိကန်ဒေါ်လာ ၃၃၃ သန်း ထဲမှ မိုခါမုန်တိုင်းသင့်သူများအတွက် အမေရိကန်ဒေါ်လာ ၁၂၂ သန်းအသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ကုလ၏ ထုတ်ပြန်ချက်တွင် အရေးပေါ်အကူအညီပေးနိုင်ရန် ကန်ဒေါ်လာ ၃၃၃ သန်း တောင်းခံထားကြောင်း ၊ ယင်းတောင်းခံထားသော အမေရိကန်ဒေါ်လာ ၃၃၃ သန်းအနက်မှ မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသူအားလုံး အတွက် ကူညီပေးနိုင်ရန် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် အသုံးပြု၍ ကျန် အမေရိကန်ဒေါ်လာ ၁၂၂ သန်းကိုသာ မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသူအားလုံးအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုအသစ်များတွင် အသုံးပြုရန် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးရုံး ၏ ထုတ်ပြန်ချက်တွင် မိုခါမုန်တိုင်းသင့်သူ လူဦးရေ ၁ ဒသမ ၆ သန်းရှိကြောင်း ၊ မုတ်သုံမိုးမဝင်ရောက်မီ အဆိုပါ မုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရသော မြန်မာပြည်သူများအတွက် သန့်ရှင်းသောရေ၊ အစားစာ၊ ဆေးဝါးနှင့် အမိုးအကာများကူညီပေးနိုင်ရန် အထက်ပါအတိုင်း ကြိုးပမ်းနေကြောင်း ၊ ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်တွေ့ကြုံခံစားရသော အဖွဲ့စည်းများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကူညီပေးနိုင်ရန် တောင်းခံထားသောငွေများအတွက် ခွင့်ပြုချက်ရမည်ဟု မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးရုံး၏ ဌာန ကိုယ်စားလှယ်ဖြစ်သူ ရာမန်နက်သန် ဘလာကရစ်ချ်နန်က ဆိုသည်။

သူက “မုန်တိုင်းနဲ့အတူ ရေကြောင့်ဖြစ်လာမယ့်ရောဂါများကနေ ကာကွယ်ဖို့၊ မုန်တိုင်းဒဏ်ခံရတဲ့သူအားလုံးကို ဘေးကင်းလုံခြုံရတဲ့အမိုးအကာတွေ ထောက်ပံ့ပေးနိုင်ဖို့ အချိန်လုပြီး အပြိုင် ကြိုးစားနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သောမေလ ၁၄ ရက်က အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခဲ့သောကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုလုံးပျက်စီးခဲ့ကာ လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

source-UN

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *