အယ်နီ့ညို နဲ့ ၂၀၂၄ နွေရာသီ

အယ်နီ့ညိုဟာ မတ်လကနေ  မေလအထိ ဆက်ရှိနေမှာ ဖြစ်သလို ဧပြီနဲ့  ဇွန်လကြားကာလတွေမှာတော့ လာနီ့ညာ ဖြစ်စဉ်ပါ ဆင့်ကဲ ဖြစ်လာနိုင်

ကမ္ဘာတစ်ဝှမ်း အယ်နီ့ညိုအားနည်းလာပေမယ့်လည်း အပူချိန် ဆက်လက်မြင့်မားနေဦးမယ်လို့  ကုလသမဂ္ဂ မိုးလေဝသအဖွဲ့ (WMO) က ၂၀၂၄ မတ်လထဲမှာပဲ အလေးအနက် ပြောဆိုခဲ့ပါတယ်။

အယ်လ်နီ့ညို ဆိုတာက ကမ္ဘာအရှေ့ဘက်နဲ့  ပစိဖိတ်အလယ်ပိုင်းက သမုဒ္ဒရာမျက်နှာပြင်ရဲ့အပူချိန်တွေ ပိုမိုပူနွေးလာလို့ ကမ္ဘာကြီးကိုပါ ဆက်ပြီး ရိုက်ခတ်လာတဲ့ ရာသီဥတု ဖြစ်စဉ်တစ်ခုပါ။ မတူညီတဲ့ လေတိုက်ခတ်မှုတွေလည်း ဆင့်ကဲ ဖြစ် လာတတ်လို့ တော်တော်ကို သတိထားနေရတဲ့ ‌ရှောင်လွဲမရတဲ့ သဘာဝရဲ့ ထိုးနှက်ချက် တစ်ခုလို့လည်း ဆိုရမှာပါ။

အယ်လ်နီ့ညိုဟာ  ပျမ်းမျှအားဖြင့်ဆိုရင် နှစ်နှစ်ကနေ ခုနစ်နှစ်တစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ကိုးလ ကနေ၁၂ လအထိ ကြာမြင့်ပြီး တောမီးတွေ၊ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ ကာလတာရှည် မိုးခေါင်မှုတွေ စတဲ့ ပြင်းထန်တဲ့  ရာသီဥတုဖြစ်စဉ်တွေကို ဖြစ်စေတတ်လို့ အားလုံးက သတိရှိနေကြရတာလည်း ဖြစ်ပါတယ်။

WMO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကလာရီ နူးလစ်က လာမယ့် ဒီဇင်ဘာမှာ အယ်လ်နီ့ညိုဟာ အထွတ်အထိပ်ကို ရောက်လာဖို့ ရှိပြီး  သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး  တွေထဲမှာ စာရင်းဝင်သွားတာမျိုးလည်း ဖြစ်နိုင်သေးတဘ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက ပြန်နောက်ဆုတ်သွားမှာတော့ သေချာတယ်လို့ပြောပါတယ်။

“အခု တဖြည်းဖြည်း အားနည်းလာပြီ၊ ဒါပေမယ့် လာမယ့်လတွေမှာ ကမ္ဘာ့ရာသီဥတုကို ဆက်ပြီး ရိုက်ခတ်နေမယ်ဆိုတာ သိသာထင်ရှားပါတယ်” ဆိုပြီး နူးလစ်က   ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် အပူချိန်က လမယ့် မတ်လနဲ့ ဧပြီကြားကာလက အပူဆုံး’ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

WMO အထွေထွေအတွင်းရေးမှူးချုပ် ဆယ်လက်စတေ ဆာအူလိုကလည်း အယ်နီ့ညိုက လတ်တလောကာလတွေမှာ စံချိန်တင်မှတ်တမ်းတွေ ဆက် ဖြစ်နေတယ်လို့ ပြောပါတယ်။

“၂၀၂၃ ခုနှစ် ဇွန်လကတည်းက လတိုင်း အပူချိန် စံချိန်သစ်တင်ခဲ့ပြီး ၂၀၂၃ ဟာ စံချိန်တင် အပူဆုံးနှစ်ဖြစ်ပါတယ်” လို့ ဆာအူလိုရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အယ်လ်နီ့ညိုက  စံချိန်တင်အပူချိန်ကို  နောက်ကွယ်က တွန်းပို့ပေးနေတာ ဖြစ်ပေမယ့် တစ်ကယ် ကမ္ဘာကြီးကို ပိုပြီး ပူနွေးစေတဲ့ တရားခံက ဖန်လုံအိမ်ဓာတ်ငွေတွေ ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း သိထားကြရမယ်လို့လည်း သူက ပြောပါတယ်။

အယ်နီညိုဟာ မတ်လကနေ  မေလအထိ ဆက်ရှိနေမှာ ဖြစ်သလို ဧပြီနဲ့  ဇွန်လကြားကာလတွေမှာတော့ အယ်နိညို အပြင် လာနီ့ညာ ဖြစ်စဉ်ပါ ဆင့်ကဲ ဖြစ်လာနိုင်တယ်လို့ မိုးဇလပညာရှင်တွေက တွက်ဆ ထားကြပါတယ်။

လာနီ့ညာ ဆိုတာက ပစိဖိတ်သမုဒ္ဒရာထဲက ပုံမှန်မဟုတ်တဲ့  အေးခဲနေတဲ့  အပူချိန်ကျဆင်းမှုတွေကြောင့်  ဖြစ်လာတဲ့ ရာသီဥတု ပုံစံတစ်ခု ဖြစ်ပါတယ်။ လာနီ့ညာက အခုနှစ် ၂၀၂၄ နှောင်းပိုင်းမှာ ဝင်လာနိုင်တယ်လို့  ကမ္ဘာမိုးလေဝသအဖွဲတွေက ပြောနေပေမယ့်လည်း မသေချာသေးဘူးလို့ ဆိုပါတယ်။

မှတ်တမ်းတွေအရ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကနေ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကာလဟာ တစ်နှစ်တာ ၁၂လအတွင်းမှာ ၁ဒသမ၅ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် အပူမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာကြီးမှာ စက်မှု ထွန်းကားတဲ့ စက်မှုခေတ်မတိုင်မီ ၁၈၅၀နဲ့ ၁၉၀၀ခုနှစ်  ကာလကစလို့ စံချိန်တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အယ် နီ့ညို (EL NIÑO ) ဆိုတာ စပိန်ဝေါဟာရဖြစ်ပြီး ကောင်လေး လို့ အဓိပ္ပာယ် ရပါတယ်။ လာ နီ့ညာ ( LA NIÑA) ကလည်း စပိန်ဝေါဟာရ ဖြစ်ပြီး ကောင်မလေး လို့ အဓိပ္ပာယ် ရပါတယ်။

Ref: El Nino weakens but will keep temperatures high, UN weather agency says (Reuters)၊ Wikipedia

Visited 18 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *