တဲလ် ဗစ်၊ အောက်တိုဘာ ၁၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဟားမတ်စ်တိုက်ခိုက်မှုအပြီး လာမယ့် အောက်တိုဘာ ၁၈ ရက် မှာ အစ္စရေးနိုင်ငံ ကို စည်းလုံးညီညွှတ်စွာလာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က တရားဝင်ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ဂါဇာကမ်းမြောင်ဒေသအတွက် အရပ်ဘက်အကူအညီပေးဖို့ အစ္စရေးက သဘောတူလိုက်တဲ့ အကြောင်း ကိုလည်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒီလို ကြေငြာချက်တွေ ထွက်မလာခင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့အတူ ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်တို့ ရှစ်နာရီကြာ ဆွေးနွေး ခဲ့ကြတယ်လို့လည်း သိရပါတယ်။
“သမ္မတက အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စည်းလုံးညီညွတ်မှုနဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့ရဲ့ သံလို ခိုင်မာတဲ့ ကတိကို ထပ်လောင်းအတည်ပြုသွားမှာပါ” လို့လည်း ဘလင်းကင်က တဲလ်ဗစ်မှာ အောက်တိုဘာ ၁၇ရက် အင်္ဂါနေ့အ စောပိုင်း မှာ ပြောဆိုပါတယ်။
“အစ္စရေးဟာ သူ့ပြည်သူတွေကို ဟားမတ်စ်နဲ့ တခြားအကြမ်းဖက်သမားတွေရဲ့လက်ကနေ ကာကွယ်ပေးဖို့ သာမက အနာဂတ်မှာ ကြုံလာရနိုင်တဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ အမှန်တကယ်တာဝန်ရှိပါတယ်” ဆိုပြီးလည်း ဘလင်းကင် ကပြောပါတယ်။
ဂျိုးဘိုင်ဒန် ဟာ တဲလ်ဗစ်ကို သွားရောက်မှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကီဘိုင် က ဝါရှင်တန်မှာ စပြီး ပြောဆိုခဲ့တာပါ။ အစ္စရေး ခရီးစဥ် အပြီးမှာတော့ ဘိုင်ဒန်ဟာ ဂျော်ဒန်ဘုရင်၊ ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အာဘတ်စ်၊ အီးဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ တိုနဲ့ တွေ့ဆုံဖို့ ဂျော်ဒန်နိုင်ငံကို ခရီးဆက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
Ref: AFP/gr
ပုံစာ။ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်
Feature Image Credit: Bloomberg.com