
Photo Credit: Boris Grdanoski/AP
အော်တာဝါ၊ ဇန်နဝါရီ ၁၁
ကနေဒါအစိုးရ ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒေါ်လာ ၁၄ဒသမ၂ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူညီချက်တစ် ရပ်နဲ့အတူ အမေရိကန်လုပ် F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၈၈ စင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ ဇန်နဝါရီ ၉ရက် က ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
ကနေဒါ အစိုးရအနေနဲ့ မှာယူထားတဲ့ အမေရိကန်လုပ်လေယာဉ်တွေထဲက ပထမဆုံးအသုတ်လေယာဉ်တွေ ကိုတော့ တော်ဝင်ကနေဒါလေတပ်ကို ၂၀၂၆မှ တပ်တော်ဝင်နိုင်ဖို့ ရည်မှန်းထားပြီး ၂၀၃၃ ဒါမှမဟုတ် ၂၀၃၄မှာတော့ မှာယူထားတဲ့ လေယာဥ်တွေ အပြည့်အဝ ရဖို့ မျှော်လင့်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
သဘောတူညီချက်အရ ကနေဒါဟာ F-35 ပရိုဂရမ်ရဲ့ မူလမိတ်ဖက် ရှစ်ဦးထဲက နောက်ဆုံးနိုင်ငံဖြစ်လာကာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်လေယာဉ်တွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ပဉ္စမမျိုးဆက် တိုက်လေ ယာဉ်တွေကို ဝယ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
“ဒီနေ့ခေတ် ရှုပ်ထွေးတဲ့ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်မှာ ကနေဒါဟာ လိုက်လျောညီထွေ၊ ပေါ့ပါးသွက်လက်ပြီး မမြင်နိုင်တဲ့ အခြေအနေအမျိုးမျိုးကို တုံ့ပြန်နိုင်စွမ်းရှိတဲ့စစ်ရေးတစ်ရပ် လိုအပ်တယ်” လို့ ကနေဒါကာကွယ်ရေး ဝန်ကြီး အနီတာ အနန် က ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုပါတယ်။
” ကမ္ဘာတစ်ဝှမ်းမှာ စိန်ခေါ်မှုတွေ ရှိနေတာမို့ F-35 ဟာ ကနေဒါနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့၊ အာတိတ် လုံ ခြုံရေးနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မြှင့်တင်ပေးမှာ ဖြစ်သလို ကနေဒါက သူ့ရဲ့နေတိုး၊ NORAD နဲ့ တခြားတာဝန်ဝတ္တရားတွေကို အနာဂတ်မှာ ကောင်းကောင်းဖြည့်ဆည်းပေးနိုင်ဖို့ မရှိမဖြစ်လို အပ်ပါတယ်။” ဆိုပြီး လည်း အနီတာ အနန်က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NORAD(North American Aerospace Defense Command)ဟာ မြောက်အမေရိကအတွက် လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးကို ပံ့ပိုးပေးတဲ့ အမေရိကန်-ကနေဒါ ပူးတွဲကွပ်ကဲမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ် အခြေအနေတွေအရ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း F-35 ကို လွန်ခဲ့သည့်နှစ်၂၀၂၂ ကစလို့ အလျင်စလို စိတ်ဝင်စားလာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဂျာမနီ၊ ဆွစ်ဇာလန်နှင့် ဖင်လန်တို့ကလည်း F-35 အတွက် ၂၀၂၂ ခုနှစ်မှာ သဘောတူညီမှုတွေ ပြုလုပ်ခဲ့ပြီး နေတိုးမဟာမိတ်တွေဖြစ်တဲ့ ဂရိနဲ့ ချက်သမ္မတနိုင်ငံတို့ကလည်း ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
REF: CNN