အပစ်ရပ်လိုက်ကြောင်း မြောက်ပိုင်းမဟာမိတ် ပြောဆို

၁၂ ဇန်နဝါရီ၊၂၀၂၄

“Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှု ဆွေးနွေးပွဲ၏ နောက်ဆက်တွဲရလဒ်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ည (၉) နာရီ (၃၀) မိနစ်အချိန်တွင် ထုတ်ပြန်သည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်အပြည့်အစုံအား မူရင်းအတိုင်းဖော်ပြပေးလိုက်ရပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် ” ဟိုင်ဂင်သဘောတူညီမှုများ” ကို နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဤတွေ့ဆုံမှုသည် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် –

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး

စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြပါသည်။

ထိုသို့သဘောတူညီမှုရရှိစေရန်အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။

ထို့အတူ နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့ကြသည်ဟုညီနောင်မဟာမိတ် (၃) ဖွဲ့ MNDAA + TNLA + AAက ထုတ်ပြန်သည်။

Visited 80 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *