အနှစ် ၂၀ ကျော်ဝေးကွာနေသော်လည်း မလေးတွင်ကားအက်ဆီးဒင့်ဖြင့် သေဆုံးသည့်ခင်ပွန်း၏နောက်ဆုံးခရီးကို ဇနီးဖြစ်သူကမြန်မာနိုင်ငံကသွားရောက် ပို့ဆောင်သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ ၊ စလန်းကောပြည်နယ် ၊ ဆွန်ကိုင်းဘလို့မြို့ဆေးရုံကြီးတွင် လွန်ခဲ့သော မေလ ၂၄ ရက်ကပင် ကားအက်ဆီးဒင့်ဖြင့် သေဆုံးခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်ခဲ့သူ အသက် ၅၃ နှစ်အရွယ် ကိုထူး ဆိုသူကို သိရှိသူများဆက်သွယ်လိုကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က လူမှုကွန်ရက်တွင် ရေးသား၍အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။



ယခုအခါ ကိုမောင်ထူး၏ ဇနီး ဖြစ်သူက fbတွင် တွေ့သော နာရေးသတင်းကြောင့် မလေးရှားထိ လိုက်လာခဲ့ကာ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။
“ဘာအကြောင်းရယ်လို့ တိကျတဲ့ အဖြေမရှိဘဲ မိသားစုတွေကို အဆက်အသွယ်ဖြတ်၊ဇနီးဖြစ်သူကို ထားရစ်ကာ လွန်ခဲ့တဲ့ အနှစ် (၂၀)ကျော်က မလေးရှား ထွက်သွားသော ခင်ပွန်းသည် ယောင်္ကျား အက်ဆီးဒင့်ဖြင့် ဆုံးသွားကြောင်း (FB)ပေါ်မှာ တွေ့လိုက်ရသည့် ဓာတ်ပုံပါ နာရေးကြော်ငြာကြောင့် နောက်ဆုံးခရီးကို အမီလိုက်လာခဲ့သည့် ဇနီးသည်” ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က လူမှုကွန်ရက်တွင် ရေးသားထားသည်။



ယင်းအပြင်”မိန်းကလေးတို့၏ သံယောဇဉ် ၊ ခင်ဗျား မိန်းမနဲ့ မိသားစု သောကအပူကို မြင်စေချင်တယ် (ကိုမောင်ထူး)ရယ်”ဟုလည်း ယူကြုံးမရဖြစ်ရသည့် ခံစားမှုဖြင့် ရေးသားထားသည်ကိုလည်း တွေ့ရသည်။


ကိုမောင်ထူး၏ ဈာပနကို ဇွန်လ ၁၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ကွာလီ ချဲရပ်သုန်မီးသင်္ဂြိုလ်လ်စက်၌ သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း၊မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၊အလုပ်သမားသံအရာရှိများလည်း လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။