
Photo Credit: Xinhua
ဂျနင်(ပါလက်စတိုင်း)၊ ဇန်နဝါရီ ၂၇
အနောက်ဘက်ကမ်းက ပါလက်စတိုင်းတို့ရဲ့ ဂျနင်းမြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းတဲ့ ဖြစ်စဥ်မှာ ပါလက်စတိုင်းကိုးဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။ ပါလက်စတိုင်းသမ္မတကတော့ အစ္စရေးကို “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” လို့စွပ်စွဲခဲ့ပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အစ္စရေးနဲ့ ပူးပေါင်းညှိနှိုင်းမှုကို အခုကစအဆုံးသတ်လိုက်ပြီလို့လည်း ကြေညာလိုက်ပါတယ်။
အစ္စရေးစစ်တပ်ကတော့ အကြမ်းဖက်မှုအကြီးစားတွေလုပ်မယ့်အစ္စလာမ္မစ် ဂျီဟတ် အကြမ်းဖက်သမားတွေကို ဖမ်းဆီးဖို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။
ဂျေရုဆလင်မြို့အနီး အယ်လ်ရမ်မြို့မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုထဲမှာ ၁၀ယောက်မြောက် ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံခဲ့တယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးကို ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ညတွင်းချင်းပဲ အစ္စရေးက ဂါဇာက ပါလက်စတိုင်း စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ ဒီဖက်ကမ်းကို ပစ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းလုံးကို အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမယ့် ဂါဇာဘက်က ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ အစ္စရေးဘက်ကပြောပါတယ်။
အခုချိန်ထိ ဂါဇာကမ်းမြောင်ဒေသက ဗုံးခွဲတိုက်ခိုက်မှုရဲ့ အတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း AFP သတင်းဌာနရဲ့ သတင်းတွေအရကတော့ နှစ်ဖက်ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဖေါ်ပြထားပါတယ်။
အစ္စရေးစစ်တပ်ကလည်း အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုပြီး ထိုးစစ်တွေ ဆက်လုပ်ဆောင်နေတာမို့အနောက်ဘက်ကမ်းမှာ လတ်တလော တင်းမာမှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
Ref:BBC

Photo Credit: Middle East Monitor