အတွဲလိုက်ဗုံးတွေ ယူကရိန်းနိုင်ငံကို ရောင်းပေးမည့်အစီအစဉ်ကို ဗြိတိန်၊ ကနေဒါနှင့် စပိန် သုံးနိုင်ငံ ဘဝင်မကျဖြစ်နေ

အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာသန်း ၈၀၀အထောက်အပံ့အစီအစဉ်ရဲ့တစ်စိတ်တစ်ဒေသအဖြစ် အဲဒီအတွဲလိုက်ဗုံးတွေ ယူကရိန်းကို ပို့ပေးမှာဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒင်က ရှင်းလင်းပြောကြားခဲ့တယ်။

ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့တဲ့ အတွဲလိုက်ဗုံးတွေယူကရိန်းနိုင်ငံကို ရောင်းပေးမည့်အစီအစဉ်နဲ့ပတ်သက်ပြီး ဗြိတိန်၊ ကနေဒါနဲ့စပိန် သုံးနိုင်ငံဘဝင်မကျဖြစ်နေတယ်လို့ ဆိုပါတယ်။

ပို့ချင်လွန်းလို့မဟုတ်ဘဲ ယူကရိန်းမှာ လက်နက်ခဲယမ်းမီးကျောက် ကုန်သွားပြီဆိုလို့သာ ရောင်းရခြင်းဖြစ်တယ်လို့ စီအင်န်အင်န်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူထုတ်ဖော်ပြောကြားတာဖြစ်တယ်။ အဆောတလျင်ဝေဖန်ကန့်ကွက်တာကတော့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းဖြစ်တယ်။ ဒီစစ်ပွဲပြီးသွားတဲ့နောက်မှာတောင်မှ မပေါက်ကွဲဘဲကျန်နေရစ်မယ့် ဗုံးတွေက အရပ်သားတွေကို အန္တရာယ်ကြီးစွာ ကျရောက်စေလိမ့်မယ်လို့ အဲဒီအဖွဲ့က ထောက်ပြသတိပေးတယ်။ အဲဒီနောက်မှာ ဗြိတိန်၊ ကနေဒါနဲ့စပိန် သုံးနိုင်ငံက ဘဝင်မကျစွာ ထောက်ပြပြောဆိုလာကြပါတယ်။ ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၃နိုင်ငံက အတွဲလိုက်ဗုံးတွေကို တားမြစ်ကန့်သတ်ဖို့ လက်မှတ်ရေးထိုးထားတာသိလျက်နဲ့ အမေရိကန်က အဲဒီလိုဆုံးဖြတ်တာ မလျော်ကန်ဘူးလို့ ဗြိတိသျှဝန်ကြီးချုပ် ရိရှိဆူနတ်က ပြောပါတယ်။

မပေါက်ကွဲဘဲကျန်နေရစ်မယ့် ဗုံးတွေဟာ အထူးသဖြင့်ကလေးသူငယ်တွေ ဘေးကင်းလုံခြုံရေးအတွက် စိတ်မအေးဖွယ်ဖြစ်ကြောင်း ကနေဒါအစိုးရက ထုတ်ပြန်ကြေညာတယ်။

စပိန်နိုင်ငံအနေနဲ့ ယူကရိန်းအတွက်လိုတဲ့လက်နက်တွေ အမေရိကန်လိုထောက်ပံ့ပေးခဲ့တယ်။ ဒါပေမယ့် ဘယ်လက်နက်တွေကို ရောင်းမပေးသင့်ဘူးဆိုတာ နားလည်သင့်တယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘဲလ်စ်က ဝေဖန်ခဲ့တယ်။

Ref: CNN

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *