အစ္စရေး အီရန်အရေးက ပယ်လယ်ကွေ့စစ်ပွဲ တစ်ကျော့ ပြန်လာနိုင်သလား

အဖြေကတော့ မဖြစ်သေးသ၍ကတော့ အကုန် ဖြစ်နိုင်သေးတယ်လို့ပဲ ပြောရမှာပါ။

ပြီးခဲ့တဲ့ စနေနေ့ ဧပြီ ၁၃ရက် ၉နာရီလောက်ကစပြီး တစ်ညလုံးနီးပါး အီရန်ကနေ အစ္စရေးပိုင်နက်ထဲကို မစ်ဇိုင်းဒုံးပျံတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အစ္စရေး စစ်ဘက်တာဝန်ရှိသူတွေရဲ့ စကားအရ ပစ်ခတ်ခဲ့တာ စုစုပေါင်း အစီးရေ ၃၆၀ကျော်တယ်လို သိရတယ်။ ဒါဟာ ၁၉၇၉ခုနှစ်နောက်ပိုင်း အီရန်က အစ္စရေးကို ပထမဆုံး တိုက်ရိုက် တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဘယ်နေရာတွေကို ပစ်ခတ်ခဲ့တာလည်း

ဆီးရီးယား နယ်စပ်က အစ္စရေး သိမ်းထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသဧရိယာ၊ အစ္စရေး လေတပ်စခန်း နဲ့ မြိုပြနေရာ တချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။

အသေအပျောက်မရှိခဲ့ဘဲ အသက်၇နှစ်အရွယ်လေး တစ်ယောက်ပဲ ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ လေတပ်ဌာနချုပ်လည်း ကြီးမားတဲ့ ထိခိုက်မှု မရှိခဲ့တဲ့အကြောင်းသိရပါတယ်။

အီရန်ဘက်က ဘာပြောသလည်း

အီရန်ကတော့ သူတို့ စစ်ဆင်ရေး ရာနူန်းပြည့် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကလည်း မှန်ကန်မျှတပြီး တရားဝင်တဲ့ တိုက်ခိုက်မှုလို့ပြောပါတယ်။ အီရန်ဘက်ကနေ  စပြီး ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့အချိန်ကစ အစအဆုံး နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူကို ပြခဲ့တယ်။ ပြည်သူတွေကလည်း လမ်းပေါ်ထွက်ပြီး  ညလုံးပေါက် အောင်ပွဲတွေ ခံခဲ့ကြတယ်။

အီရန်က ဘာကြောင့် တိုက်ခိုက်တာလည်း

ပြီးခဲ့တဲ့ ဧပြီ ၁ရက်နေ့မှာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့က အီရန်ကောင်စစ်ဝန်ရုံးကို  လေကြောင်း တိုက်ခိုက်မှုတစ်ခုခံခဲ့ရတယ်။ ရလဒ်ကတော့ အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က နံပါတ်တစ် ဗိုလ်ချုပ်ကြီး တစ်ယောက်အပါအဝင် ထိပ်တန်းခေါင်းဆောင် ၇ယောက် သေဆုံးခဲ့တယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးက သူ့လက်ချက်လို့ ထုတ်မပြောပေမယ့် ဒီလောက်တိကျတဲ့ တိုက်ခိုက်မှုဟာ အစ္စရေးကလွဲပြီး အခြားသူ မဖြစ်နိုင်ဘူးဆိုတာ တစ်ကမ္ဘာလုံး သိကြတယ်။

ဒီတော့ အီရန်က သူ့ဂုဏ်သိက္ခာအတွက် လက်တုန့်မပြန်ရင် မရတော့တဲ့ အခြေအနေဆိုက်သွားတယ်။ အဲဒီမှာ အီရန်က အကျပ်ရိုက်သွားပုံရပါတယ်။ ဒေသတွင်းမှာ ယီမင်က ဟူသီသူပုန်၊ လက်ဘနွန်က ဟစ်စဘိုလာ အဖွဲ စတဲ့ အီရန် ပံ့ပိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက အီရန်ကို ဘာလုပ်မှာလည်း ဆိုတဲ့ အမြင်တွေ ပေါ်လာတယ်။အမှန်က အီရန်က အစ္စရေးနဲ့ ထိပ်တိုက်တွေ့ဖို့ ဆန္ဒလုံးဝမရှိပါဘူး။

အစ္စရေးက ကောင်စစ်ဝင်ရုံးကို နိုင်ငံကျော်ပြီး ဘာကြောင့်တိုက်ခိုက်တာလဲ

အကြောင်းက ဒီလိုပါ။ အစ္စရေးကို ဟားမတ်စ်တို့က အောက်တိုဘာမှာ အလစ်ဝင်တိုက်ပြီး အပြစ်မဲ့ ပြည်သူတွေ ကလေးငယ်တွေပါမကျန် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီတိုက်ခိုက်မှုကို ပံ့ပိုးခဲ့တာက အီရန်နိုင်ငံ ဖြစ်တယ်။ ဒါအပြင် ဒီတိုက်ခိုက်မှုကို အသေးစိတ်ညွှန်ကြား ခဲ့တဲ့သူက အစမှာ ပြောခဲ့တဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ ခေါင်းဆောင်ဗိုလ်ချုပ်နဲ့ အပေါင်းအပါတွေ လို့ အစ္စရေးထောက်လှမ်းရေးက သိသွားတယ်။ သူတို့ နောက်လိုက်နေတာလည်း ကြာပြီ။ ဧပြီ ၁ရက်နေ့မှာတော့ အဲ့ဒိ ဗိုလ်ချုပ်နဲ့ အဖွဲ့ ဆီရီးယားက အီရန်ကောင်စစ်ဝင်ရုံးမှာ ရောက်နေတယ်ဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် အစ္စရေးက ချက်ချင်းစစ်ဆင်ရေးကို စလိုက်တယ်။ ပစ်မှတ်ကို ၁၀၀ရာခိုင်နူန်း ရှင်းနိုင်ခဲ့တယ်။

အီရန်တိုက်ခိုက်မှုက ဘာကြောင့် အစ္စရေးကို အထိမနာစေတာလည်း

ဒီနေရာမှာ အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးက သံမဏိတံတိုင်းကြီးလို ခိုင်မာတယ်ဆိုတာ အီရန်က ကောင်းကောင်းသိထားသလို၊ ပင်လယ်နီထဲမှာလည်း အမေရိကန်ရေတပ် အခြေခြထားတယ်ဆိုတာ သိနေတယ်။

အရှေ့မှာဖော်ပြခဲ့သလို အီရန်က စစ်မဖြစ်ချင်ဘူး။ လက်တုန့်မပြန်ရင်လည်း ဒေသတွင်းက ခေါင်းဆောင် နိုင်ငံအနေနဲ့ သိက္ခာကျရတော့မယ်။ အဲဒီမှာ အီရန်က တစ်ကွက်ရွှေ့လိုက်တယ်။ အလစ်အငိုက်တိုက်ခိုက်တာမျိုးမလုပ်ဘူး တရားဝင်ကြေငြာပြီး တိုက်ခိုက်တာ ဖြစ်တယ်ဆိုပြီး ကမ္ဘာကို အသိပေးတယ်။ ပြီးမှ စပစ်တယ်။

အဲဒီမှာ အစ္စရေးနဲ့ အမေရိကန်က ပြင်ဆင်ချိန်ရသွားတယ်။ နောက်ပြီး အီရန်နဲ့ အစ္စရေးဟာ မိုင်ပေါင်း ထောင်နဲ့ချီပြီး ဝေးလွန်းလှပါတယ်။ ဒီတော့ လာသမျှ မစ်ဇိုင်းတွေ၊ ဒရုန်းတွေကို အစ္စရေးနဲ့ အမေရိကန်က အေးအေးဆေးဆေး တစ်ခုချင်း တစ်စင်းချင်း ထိုင်ပစ်ချလိုက် ပစ်လွှတ်မှုရဲ့ ၉၆ရာခိုင်နူန်းအထိ ရှင်းပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စဉ်းစားကြည့်တော့ အီရန်က ဂုဏ်သိက္ခာအရတော့ အကြီးအကျယ် လက်တုန့်ပြန်ခဲ့တယ် ဆိုပေမယ့် အစ္စရေးကို အကြီးအကျယ် သေကျေထိခိုက်တာမျိုးကို မဖြစ်စေချင်ပုံရတဲ့ သဘောကို တွေရမှာ ဖြစ်တယ်။ ဒါဟာ အီရန်က ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့ အကွက်ကို ရွှေ့လိုက်လေသလားလို ယူဆနိုင်စရာ ရှိနေပါတယ်။

အကြောင်းက အစ္စရေးဘက်မှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားရင် ကြီးမားတဲ့ တုန့်ပြန်မှုတွေ ပြန်လာမှာ အီရန်က တွက်ထားပြီးသားမို့ပါ။

အစ္စရေး လက်တုန့်ပြန်မှု

 ဧပရယ် ၁၉ရက် အရုဏ်တက်ချိန်အရောက်မှာတော့ အစ္စရေးကနေ အီရန်ကို လက်တုန့်ပြန်တဲ့ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ အီရန်က  အစ်စဖာဟမ်နိုင်ငံတကာလေဆိပ်၊ အစ်စဖာဟန်ပြည်နယ် စစ်စခန်း အနီးတစ်ဝိုက်၊ စတဲ့နေရာတွေမှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သတင်းတွေက ‌ဖော်ပြပါတယ်။ အစ္စရေးရဲ့ အဓိက ပစ်မှတ်က ဘာလည်း ဆိုတာလည်း ခုထိ ကွဲကွဲပြားပြားမသိရဘူးလို့ ဆိုကြပါတယ်။

အီရန်ဘက်က ကြေငြာချက်မှာတော့ မြို့တော်ဟာ ဘေးအန္တရယ် ကြီးကြီးမားမားမရှိဘူးလို့  ဖော်ပြပါတယ်။

အရေးအကြီးဆုံးအချက်က အီရန်ရဲ့ နူကလီယားစမ်းသပ်နေတဲ့ နေရာတွေကို အစ္စရေးက တိတိကျကျ သိထားပေမယ့် ပစ်မှတ်ကို မထိဘဲ အနီးပတ်ဝန်ကျင်လောက်ပဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒါတွေက နှစ်ဘက် တိုက်ခိုက်ပြီးသွားတဲ့ နောက်ဆုံးအခြေအနေပါ။ ပြောရရင် အစ္စရေးက ကမ္ဘာပေါ်က ဘယ်နေရာမဆို နဖူးကနေ ခြေဖျားအထိ တိတိကျကျ ထိအောင် ပစ်နိုင်တဲ့ ခေတ်မီလက်နက်တွေ ရှိနေသလို အီရန်ကလည်း  အသံထက်မြန်တဲ့ ခေတ်မီ ဒုံးကျည်တွေ ပိုင်ဆိုင်ထားပြီးသားပါ။

တစ်ဆက်တည်း စစ်တမ်းတွေ ကဖော်ပြတဲ့ အချက်တွေအရ အစ္စရေးရဲ့ စစ်ရေးစွမ်းရည်က  နံပါတ် ၁၇ အဆင့်ရှိပြီး အီရန်ကတော အဆင့် ၁၄ ရှိပါတယ်။ အစ္စရေးလူဦးရေက ၉သန်းကျော်ရှိပြီး အီရန်က သန်း ၉၀နီးပါးရှိပါတယ်။ အစ္စရေးရဲ့ နှစ်စဉ် ဂျီဒီပီက ၅၂၁ လီလျံရှိပြီး အီရန်က ၅၉၄ ဘီလျံ စသည်ဖြင့် ရှိနေကြတာပါ။

အဆုံးသတ်မှာ မေးခွန်းနှစ်ခု ရှိနေပါတယ်။

အီရန်က ရေနံ လုပ်ငန်းအပြင် တရုတ်နဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ စီပွားရေးလုပ်ငန်ကြီးတွေ အများကြီး ရှိနေပါတယ်။ ဒါတွေ ကို  အီရန်ကရော ၊တရုတ်ကပါ အကုန် ပျက်ဆီးခံမှာလား။

တစ်ဘက်က အစ္စရေးဆိုလည်း စစ်ပွဲဖြစ်နေတာပါ။ ဒီနေရာမှာ ပြောရမှာက အခု ဖြစ်နေတာက အဖွဲစည်းတစ်ခုနဲ့ တိုက်နေတဲ့ စစ်ပွဲ ပါ။ အီရန်နဲ့ ဖြစ်ရင် နိုင်ငံချင်း တိုက်တဲ့ စစ်ပွဲပါ။  အစ္စရေး နောက်ထပ် စစ်ပွဲကြီး တစ်ပွဲ ထပ်တိုက်မှာလား။

ဒီနှစ်ချက်ရဲ့ အဖြေက “ NO “ လို့ အဖြေထွက်ခဲ့ရင်တော့ တစ်ကျော့ပြန် ပင်လယ်ကွေ့ စစ်ပွဲကို အားလုံး ရှောင်ရှားသွားနိုင်ပါလိမ်မယ်လို့ သုံးသပ် ဖော်ပြလိုက်ပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *