ဂါဇာ၊ နိုဝင်ဘာ ၂၄
အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၂၄ ရက် သောကြာနေ့မှာ တရားဝင် စတင် ခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ အစ္စရေးဘက်က ပါသွားတဲ့ ဓားစာခံတွေကို လဲလှယ် ကြမယ်လို့ သိရပါ တယ်။
ဖြစ်ပွားနေတဲ့ ခုနစ်ပတ်ကြာ စစ်ပွဲထဲမှာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။
အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက် ဒေသစံတော်ချိန် မနက် ၇ နာရီ (၀၅၀၀ ဂရင်းနစ်စံ တော်ချိန်) မှာ အပစ်အခတ်တွေ ရပ်နားခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်း ပထမဆုံး သေနတ်သံတွေ တိတ်သွားတဲ့ နေ့ ဖြစ်ခဲ့ ပါတယ်။
ညနေ ၄ နာရီ အရောက်မှာတော့ ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ကလေးဓားစာခံ ၁၃ယောက်ကို ပထမအ သုတ် လွှတ်ပေးမယ်လို့ ကာတာဖျန်ဖြေသူတွေပြောတဲ့စကားတွေအရအရ သိရပြီး အစ္စရေးအကျဉ်းထောင်တွေဆီက သတ်မှတ်ချက်မသိရသေးတဲ့ ပါလက်စတိုင်းအကျဉ်းသား အရေအတွက်ကို လည်း ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။
လေးရက်အတွင်း အနည်းဆုံး ဓားစာခံ အယောက် ၅၀ကို လွှတ်ပေးဖို့ရှိပြီး ခန့်မှန်းခြေ ၁၉၀လောက်တော့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ လက်ထဲမှာ ကျန်နေဦးမှာ ဖြစ်ပါတယ်။
ပါလက်စတိုင်းတွေကတော့ သူတို့ဘက်က အကျဉ်းသား ၁၅၀လောက်ကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်နေ ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ နေနေတဲ့သူ နှစ်သန်းကျော်အတွက်တော့ အဲ့ဒိသဘောတူညီချက်ဟာ ရက်သတ္တပတ် အများကြီး ကြာနေခဲ့တဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကနေ သက်သာရာရစေမှာလည်း ဖြစ်ပါတယ်။
စစ်ပွဲကြောင့် လူပေါင်း ၁၅၀၀၀ လောက် သေဆုံးခဲ့ပြီး မရေမတွက်နိုင်တဲ့ မိသားစုတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရတယ် လို့ ဟားမတ်စ် အစိုးရက ပြောပါတယ်။
အသေအပျောက် အရေအတွက် အတိအကျကို သီးခြား အတည်မပြုနိုင်သေးသလို ပါလက်စတိုင်းနဲ့ အစ္စရေး မိသားစု တွေအတွက် အကြမ်းဖက်မှု ခဏရပ်ပေမယ့် အချိန်ကတော့နှောင်းသွားပြီလို လည်း ပြောနေကြပါ တယ်။
ဓားစာခံတွေကိုလက်ခံဖို့ အစ္စရေးလုံခြုံရေးအရာရှိတွေ၊ နိုင်ငံတကာကြက်ခြေနီလခြမ်းနီဝန်ထမ်းတွေနဲ့အတူ အီဂျစ်အဖွဲ့ တစ်ဖွဲ့လည်း အီဂျစ်-ဂါဇာနယ်စပ်က ရာဖာဂိတ်မှာ ဖြန့်ကျက်ချထားပြီး ဓားစာခံတွေကိုလက်ခံကာ အစ္စရေးနိုင်ငံကို ပို့ ပေးမှာ ဖြစ်တယ်လို့ အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက AFP ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: AFP/rj
ပုံစာ။ အပစ်ရပ်ထားလို့ လမ်းပေါ်မှာ သွားလာနေကြတဲ့ ဂါဇာပြည်သူများ( ၂၄ နိုဝင်ဘာ ၂၀၂၃)
Feature Image Credit: REUTERS/Saleh Salem



