အစ္စရေးနဲ့ဂျာမနီရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် သဘောတူညီ ချက် အမေရိကန်သဘောတူ

  • အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ တန်ဘိုးရှိတဲ့ ကာကွယ်ရေး သဘောတူညီချက်လည်းဖြစ်
Arrow 3 ဒုံးခွင်း စနစ်ကို တွေ့ရပုံ
Photo Credit: ESUT

ဝါရှင်တန်၊ ဩဂုတ် ၁၈

အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ Arrow 3 အသံထက်မြန်တဲ့  ဒုံးကျည်ကာကွယ်ရေးစနစ် ဂျာမနီကို ရောင်းမယ့်အစီအစဥ် တစ်ရပ်ကို  အမေရိကန်ဘက်က သြဂုတ် ၁၇ရက် ကြာသပတေးနေ့မှာ သဘောတူညီချက်ပေးကာ အတည်ပြု့လိုက်ပြီလို့  အစ္စရေးက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့မြေပြင်အထက်က ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကြားဖြတ်ကိရိယာ Arrow 3 စနစ်ကို အစ္စရေးနဲ့ အမေရိကန်တို့က ပူးတွဲတီထွင်ထုတ်လုပ်ထားဖြစ်ပါတယ်။

Arrow 3 စနစ်ကို ‌ဂျာမနီတို့ဆီ ရောင်းချဖို့ အတွက် အမေရိကန် အစိုးရရဲ့ ခွင့်ပြုချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က အကြောင်းကြားခဲ့တယ်လို့  အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန၊ ဂျာမန် ဖက်ဒရယ် ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ အစ္စရေး အာကာသ စက်မှု လုပ်ငန်း တို့ဟာ အစ္စရေး နိုင်ငံရဲ့ အကြီးမားဆုံး ကာကွယ်ရေး သဘောတူညီချက် အဖြစ် အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ တန်ဘိုး ရှိတဲ့ ကာကွယ်ရေး သဘောတူညီချက် ကို လက်မှတ် ရေးထိုးမှာ ဖြစ်တယ်” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာလိုက်တာလည်း ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေဟာ  ပဏာမပေးချေမှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့  သဘောတူညီချက်အတွက် ကတိပြုစာတစ်စောင်ကို  အရင်ဆုံး လက်မှတ်ရေးထိုးကြမှာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီး ဌာနက ပြောပါတယ်။

“လေထုအထက် အမြင့်မှာ လည်ပတ်နေတဲ့ သူ့ရဲ့ ထူးခြားတဲ့ တာဝေးပစ် ကြားဖြတ် စွမ်းရည်အပြည့်ရှိတဲ့ Arrow 3  ဟာ ထိပ်တန်း ကြားဖြတ်ဖမ်းစနစ်တစ်ခုအဖြစ် ရပ်တည်နေပါတယ်” လို့လည်း အစ္စရေးက ပြောပါတယ်။

 Arrow 3 စနစ်က  ဝင်လာမယ့် ခြိမ်းခြောက်မှုတွေကို ကြားဖြတ်ဟန့်တားဖို့ အတွက် hit-to-kill ချဉ်းကပ်နည်းကို အသုံးပြု ထားတဲ့ အကြောင်းလည်း သိရပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက် ဂါးလန့်  ကတော့ ဒီ သဘောတူညီချက်ဟာ  အစ္စရေးသမိုင်းမှာ အကြီးဆုံးပဲလို့ ပြော ပါတယ်။

“ဒါဟာ အစ္စရေးရဲ့ အင်အားတည်ဆောက်မှုနဲ့ စီးပွားရေးကို အထောက်အကူဖြစ်စေမယ့် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ” လို့လည်း သူကပြောပါတယ်။

အထူးခြားဆုံးက  “ဂျာမဏီက အစ္စရေးရဲ့ ကာကွယ်ရေးစွမ်းရည်ကို ရယူနေတာဟာ ဂျူးလူမျိုးတိုင်းအတွက် အထူး အဓိ ပ္ပာယ် ရှိပါတယ်” လို့လည်း ဆိုပါတယ်။

အမေရိကန်က တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ထားတဲ့  Arrow 3 စနစ်ကို အမေရိကန်  ဘိုးရင်းနဲ့ အစ္စရေး လေ ကြောင်း ဆိုင်ရာ စက်မှုလုပ်ငန်း (IAI) တို့က တီထွင်ထုတ်လုပ်ထားတာလို့ သိရပါတယ်။

Arrow 3 ဟာ  ကီလိုမီတာ၂၄၀၀  (မိုင် ၁၄၉၀ ) အထိ အကွာအဝေးကနေ  ပစ်လွှတ်လိုက်တဲ့  ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားနိုင်စွမ်းရှိတယ်လို့  IAI က ပြောဆိုထားပါတယ်။

Ref: AFP

Feature Image Credit: The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *