အစ္စရေးက ဟစ်ဇ်ဘိုလာတွေကို အောင်ပွဲရအထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကတိပြု

ဘေရွတ်၊ စက်တင်ဘာ ၂၇

လက်ဘနွန်မှာ  ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေး အတွက် အဓိက ကျောထောက်နောက်ခံ အမေရိကန် ဦးဆောင်တဲ့ တွန်းအားပေးမှုကို အစ္စရေးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး လက်ဘနွန်တစ်ဝိုက်မှာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ စက်တင်ဘာ ၂၆မှာ ဂတိပြုလိုက်ပါတယ်။

အစ္စရေးရဲ့  တိုက်ခိုက်မှုကြောင့် အခုသီတင်းပတ်အတွင်း လက်ဘနွန်မှာ လူရာနှင့်ချီ သေဆုံးခဲ့ပြီး စစ်သွေးကြွ အုပ်စုကလည်း အစ္စရေးဘက်ကို  ဒုံးကျည်တွေနဲ့ လက်တုန့်ပြန်ခဲ့ပါတယ်။

“မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားမှာ မဟုတ်ဘူး။ ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို အောင်ပွဲခံပြီး မြောက်ဘက်မှာ နေထိုင်သူတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရသည်အထိ ကျွန်တော်တို့ အင်အားအပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ” လို့  နိုင်ငံခြားရေးဝန်ကြီး အစ္စရီရယ် ကတ်က X ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ပြီး ပြောဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဘာတုန့်ပြန်ချက်မှ မလုပ်ခဲ့ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရဲ့ ရုံးက ပြောခဲ့ပြီး စစ်တပ်အား အင်အားအပြည့်နဲ့  တိုက်ပွဲတွေဆက်တိုက်ဖို့ပဲ အမိန့်ပေး ထား တယ်လို့ ပြောဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၁၉ရက်က တွေ့ဆုံပြီးတဲ့နောက် ၂၁ ရက်ကြာ အပစ် ရပ်နားထားဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ အစ္စရေးကောင်းကင်မှာတွေ့ရတဲ့ ဟစ်စ်ဘိုလာတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှု မြင်ကွင်းတစ်ခု

Feature Image Credit: The Hill

Visited 39 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *