အစိုးရကြွေးမြီမျက်နှာကြက်တိုးမြှင့်ပေးရန် အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲသဘောတူညီ

ဂျိုးဘိုင်ဒင်အစိုးရရဲ့ကြွေးမြီ ၃ဒသမ၄ ထရီလီယံအထိရောက်နေလို့ ဖြစ်ပေါ်နေတဲ့အကြပ်အတည်းကို အခုဆိုရင် ပထမအဆင့်အနေနဲ့ ဖြေရှင်းနိုင်ခဲ့ပါပြီ။

မေ၃၁ညပိုင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသီတို့နှစ်ဦး ညှိနှိုင်းအတည်ပြုပြီးသား စာမျက်နှာ ၉၉မျက်နှာပါတဲ့ အစိုးရကြွေးမြီမျက်နှာကြက်တိုးမြှင့်ပေးရေးဥပဒေကြမ်းကို အောက်လွှတ်တော်အမတ်တွေအကြား မဲခွဲဆုံးဖြတ်ရာမှာ ၃၁၄မဲ ၁၁၇မဲနဲ့ သဘောတူလိုက်ပါပြီ။

အဲဒီသတင်းကောင်းကို မဲရလဒ်ပေါ်ထွက်ပြီးပြီးချင်းအောက်လွှတ်တော်ဥက္ကဌကယ်ဗင်မက်ကာသီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး အသိပေးတယ်။ ဒီဥပဒေကြမ်းကို မိမိတို့ အောက်လွှတ်တော်ကနေ မဲခွဲခွင့်ပြုသဘောတူညီပြီးဖြစ်လို့ အထက်လွှတ်တော်ကို တင်လိုက်ပြီဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားတယ်။

မေ၃၀ညနေက တက်ကဆက်ပြည်နယ်က ချစ်ပ်ရွိုင်း ပင်ဆယ်လ်ဗေးနီးယားက စကော့ပယ်ရီတို့အပါအဝင် အမာခံရှေးရိုးစွဲရီပတ်ဘလီကန် ၁၁ဦးအုပ်စုက ကပ်ပီတောလွှတ်တော်ရှေ့ထွက်ပြီး ဥပဒေကြမ်းကို ကန့်ကွက်မဲပေးဖို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး စည်းရုံးလှုံ့ဆော်တယ်။ ရီပတ်ဘလီကန်မှန်ရင် အဓိပ္ပါယ်မရှိတဲ့ ဒီဥပဒေကြမ်းကို ကန့်ကွက်ကြလို့ လှုံ့ဆော်ကြတာဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့စည်းရုံးလို့ကန့်ကွက်ကြတဲ့ ရှေးရိုးစွဲတွေရဲ့ကန့်ကွက်မဲက ၇၁မဲပဲရှိခဲ့တယ်။

ဒီသဘောတူညီမှုဟာ အမေရိကန်ပြည်သူလူထုနဲ့ စီးပွာရေးအတွက် သတင်းကောင်းဖြစ်တယ်။ အထက်လွှတ်တော်က ဆက်လက်ပြီး အမြန်ဆုံး မဲခွဲသဘောတူညီပေးပါ။ ကျွန်တော်ဖက်က လက်မှတ်ထိုးပြီးအတည်ပြုပြဌာန်းပေးပါမယ်လို့ သမတဂျိုးဘိုင်ဒင်ကပြောတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *