ပဲခူးတိုင်းဒေသကြီး၊အင်းတကော်မြို့ အမှတ်(၅) ရပ် ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊မိုင်တိုင်အမှတ် (၁၅)ရှိ Farmer စက်သုံးဆီဆိုင်မှာ ဇန်နဝါရီလ၁၉ ရက်မနက်၃နာရီခန့်က ဆီသိုလှောင်ကန်ပူလို့ ရေတင်မော်တာဖွင့်ရာကနေ လျှပ်စစ်နဲ့ဆီငွေ့ ရှော့ဖြစ်ပြီး မီး လောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းလူငယ်အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


“အစောပိုင်းက လူတွေပြောနေကြတဲ့ ဆီလှယ်နေုတုန်း ဖုန်းပြောလို့ မီးလောင်တာဆိုတာ မဟုတ်ပါဘူး။ဆီလှောင်မှာ ဆီလျှံပြီး မီးထတောက်လို့ မီးသတ်ဆေးဘူးနဲ့ ဝန်ထမ်းတွေ ဖြန်းလို့ မီးငြိမ်းသွားပေမယ့် ဆီကန်ကပူ လို့ ရေဖြန်းဖို့အ တွက် ရေတင်မော်တာဖွင့်ရာကနေ လျှပ်စစ်နဲ့ဆီငွေ့ ရှော့ဖြစ်ပြီး မီးထလောင်လို့ ဝန်ထမ်းကောင်လေးက မီးလောင်ပြီး သေဆုံးသွားတာပါ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ပဲခူးခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အင်းတကော်နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေနဲ့အရန်မီး သတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။



