အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးပြီးဆုံး

မြန်မာနိုင်ငံက ကောင်းမလာဘဲ အခြေအနေ ပိုဆိုးလာတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးမှတ်ချက်ပေး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထပ်တောင်းဆို

အစည်းအဝေး တက်ရောက်လာသူတွေ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးနေပုံ
photo Credit: MOFA(JAKATA)

ဂျာကာတာ၊ ဖေဖေါ်ဝါရီ ၄

၂၀၂၃ ဖေဖေါ်ဝါရီလ ၃ရက်နဲ့၄ရက်နေ့တွေမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီကိုယ်စားပြုမှုမပါတဲ့ ဂျာကာတာက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ကိုလည်း ထည့်သွင်း တောင်းဆိုခဲ့ကြတဲ့ အဲ့ဒီ့အစည်းအဝေးမှာ မြန်မာ့အရေးကထိပ်တန်းရောက်ခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာ့အရေးဆွေးနွေးမှုတွေကလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့တယ် လို့ သိရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ဗီဗီယန် ဗာလာခရှစ်နန် ကတော့ မြန်မာ့အရေးဟာ ပိုပြီးကောင်းမလာဘဲ ဆိုးလာတယ်လို့ မှတ်ချက်ပြုခဲ့တာရှိပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ တွေ့ဆုံဆွေးနွေးရေးကို အလေးပေး ပြောဆိုခဲ့ကြသလို မြန်မာစစ်ကောင်စီကိုယ်တိုင်တက်ရောက်ကတိပြုထားတဲ့ အာဆီယံဘုံသဘော တူ ညီချက်၅ချက် အကောင်အထည်ဖော်ဖို့ကိုလည်း ဆက်ပြီး ကိုင်စွဲထားကြတယ်လို့ သိရပါတယ်။

အခုကိစ္စအပေါ် မြန်မာစစ်ကောင်စီဘက်ကတော့ မှတ်ချက်တစ်စုံတစ်ရာပြုတာကိုတော့ မလုပ်သေးပါဘူး။ဒါပေမယ့် ဖေဖော်ဝါရီ၂ရက်က စစ်ကောင်စီအာဏာဆွဲဆန့်လိုက်တဲ့ ၆လသက်တမ်းတိုးကိစ္စအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုကိုတော့ ပယ်ချထားပါတယ်။ ဒါ့အပြင် NUG၊ CRPH နဲ့ PDF တို့လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ဝဝဝ ကျော် အသက်ဆုံးရှုံးခဲ့တာကို ဖုံးကွယ်ထားတယ်လို့ ထုတ်ပြန်တဲ့အထဲ ထည့်သွင်းထားတာတွေ့ရပေမယ့် သူတို့တွေ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ဖမ်းဆီးထောင်ချခဲ့တာတွေကိုတော့ ဖော်ပြမထားပါဘူး။

အာဆီယံ အနေနဲ့ ကျင်းပပြီးစီးသွားတဲ့ အခု အစည်းအဝေးမှာ အမျိုးသားညီညွှတ်ရေးအစိုးရလို့ခေါ်တဲ့ NUG ကို အစည်း အဝေးဖိတ်ကြားတာမျိုးလည်း လုပ်ဆောင်တာ မရှိခဲ့ဘူး လို့လည်း သိရပါတယ်။

Ref: MOFA( Jakata), Reuters

အစည်းဝေးမှတ်တမ်း ဓါတ်ပုံများ

အစည်းအဝေးကျင်းပနေပုံ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီ
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဗာလာခရှစ်နန်
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *