တန်နတ် ဒါတာ၊ မေ ၁၃
အခုလ သီတင်းပတ်ကုန် မေ ၁၀၊ ၁၁ စတဲ့ ရက်တွေက စပြီး လျှံကျလာတဲ့ ချော်ရည်အေးတွေကြောင့် ဒီနေ့ထိ ဒေသခံ ၄၁ယောက် သေဆုံးပြီး ၁၇ယောက်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားအနောက်ပိုင်းမှာ ရှိတဲ့ မီးတောင်တစ်ခုကနေ ချော်ရည်အေးတွေ စီကျလာပြီး လျှပ်တပြက်ရေကြီးရေလျှံတာတွေပါ ဖြစ်ခဲ့တာလို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီရဲ့ တာဝန်ရှိသူတစ်ဦးက မေ ၁၃ ရက်မှာ ပြောဆိုပါတယ်။
နာရီပေါင်းများစွာ မိုးသည်းထန်ရွာအပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ တန်နတ် ဒါတာဒေသက မီးတောင်တစ်ခုဆီကနေ ချော်ရည်အေးတွေ လျှံကျလာတာ ဖြစ်ပါတယ်။ ဒိနောက်တော့ ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပြီးလမ်းတွေ နေအိမ်တွေနဲ့ ဗလီတွေ ရေလျှံကာ ရေလွှမ်းသွားခဲ့ ရပါတယ်။
“မနေ့ညက အချက်အလက်အရ သေဆုံးသူ ၃၇ ယောက်ကို မှတ်တမ်းတင်ထားပါတယ်… ဒါပေမယ့် ဒီနေ့မနက်ကစပြီးတော့ အရေအတွက်က ၄၁ ယောက် (သေဆုံး) သွားပြီ” လို့ အနောက်ဆူမားတြား သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီမှ တာဝန်ရှိသူ အီဟန် ဝါဟက်က AFPကိုပြောပါတယ်။
မိုးကလည်း ဆက်ပြီး သည်းထန်နေလို့ ကယ်ဆယ်ရေးအဖွဲတွေက လေးလွတ်ရာကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့သိရပါတယ်။
Ref: AFP
ပုံစာ။ ချောရည်အေးတွေ စီဝင်နေတဲ့ ရွာတစ်ရွာကို တွေ့ရပုံ
Feature Image Credit: AFP



