အကြမ်းဖက်သမားများအား ငှားရမ်းနေထိုင်ခွင့်ပြုသောနေရာများကိုသိမ်းဆည်းမည်

အကြမ်းဖက်သမားများအား ငှားရမ်းနေထိုင်ခွင့်ပြုသောနေရာများကိုသိမ်းဆည်းမည့်အပြင် ပိုင်ရှင်ကိုပါ အရေးယူမည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်အုပ်စုများအနေဖြင့် နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့်သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြိုးထား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ကို အလွယ်တကူ ခြေရာခံနိုင်ခြင်းမရှိစေရန်

အတွက် အဆောင်များနှင့် နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်လျက်ရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များအရ တွေ့ရှိရကြောင်း ယင်းတွင် ဖော်ပြထားသည်။

အဆိုပါလုပ်ဆောင်မှုများကို တားဆီးကာကွယ်နိုင်ရန်အတွက် အဆောင်၊နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား ပြည့်စုံစွာရရှိမှသာငှားရမ်းခြင်းနှင့် ယင်းအချက်အလက်အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အကြမ်းဖက်မှုကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ

ဆောင်ရွက်သည့်ခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ်သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း

ခံရမည်ဖြစ်သည်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါအတိုင်း အသိပေးထုတ်ပြန်ခဲ့သော်လည်း နေအိမ်တိုက်ခန်းပိုင်ရှင်အချို့က မသိကျိုးကျွန်ပြု၍ဆက်လက်ငှားရမ်းပေးနေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့သို့ဖြစ်စေကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့် နေရာတစ်ခုခု အသုံးပြုခွင့်၊ ယာယီတည်းခိုနေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်ကြောင်း ပြဋ္ဌာန်းထားကြောင်းလည်း သိရသည်။

ယင်းကြောင့် ဖြစ်စဉ်ပေါ်ပေါက်သည့်အခါ နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်၍ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါက အဆိုပါငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှုကို အားပေးကူညီသူအဖြစ် အရေးယူခံရနိုင်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *