၂၁ ဖေဖော်ဝါရီ၊၂၀၂၄


တေးရေး၊တေးဆို ဟန်ထူးလွင်(ခ) ကျားပေါက် (Big Bag)က သူဖန်တီးရေးသားထားတဲ့ သီချင်းတွေကို သူ့ခွင့်ပြုချက်မရဘဲ သီဆိုခွင့်ပြုထားတယ်ဆိုတဲ့ ထည့်သွင်းထားတဲ့ ဘားကလွဲပြီး ကျန်တဲ့ဘားတွေမှာ အခမဲ့သီဆိုခွင့်ပြုမယ်လို့ မနေ့ညပိုင်းကသူ့လူမူကွန်ယက်ကနေအသိပေးလာပါတယ်။
“ကျနော် ပြောချင်တာ ကလေးတွေ ကျနော့်သီချင်း bar တွေမှာ ဆိုတာ ကျနော်က ဝမ်းတောင်သာသေးတယ်။ ကျနော့် intellectual property ကြောင့် သူတို့ ပိုက်ဆံရနေကြတာ ဘာမှ တားဖို့မရှိပါဘူး။
ဒါပေမယ့် ဒီလို ကြားက third party က ဝင်အခွင့်ကောင်းယူတာ လက်မခံနိုင်ဘူး။
ကျနော့်သီချင်းတွေ ကြိုက်တဲ့ bar မှာ ဆိုလို့ရပါတယ်။ ကျနော့် ကိုဘာမှပေးစရာမလိုဘူး။
ဒါပေမယ့် THOR မှာ မဆိုနဲ့။ “လို့ဆိုပြီးအသိပေးလာတာဖြစ်ပါတယ်။
သူ့အနေနဲ့ သူဖန်တီးထားတဲ့ သီချင်းတွေကို ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားလှယ်လွှဲ စီမံခွင့် အပ်နှံထားချင်းမရှိဘူးလို့ဆိုပြီး သီချင်းများအားလုံးကိုလဲ စင်မြှင့်ပေါ်ဖျော်ဖြေခွင့်(performance rights) ကို မည်သူ တဦးတယောက်/ မည်သည့်အဖွဲ့အစည်းကိုမှ ခွင့်မပြုထားပါ။”လို့အသိပေးထားတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက စင်တင်ဖျော်ဖြေခွခြင်းမူပိုင်ခွင့်၊ ခွင့်ပြုရယူထားတဲ့တေးသီးချင်းစားရင်းမှာ အဆိုတော်ကျားပေါက်ရဲ့”သတိရရဲ့လား”သီချင်းကို The Heart of Rangoon – THORက ခွင့်ပြုချက်ရထားတယ်ဆိုတဲ့စာရွက်ထွက်ရှိလာတာဖြစ်ပါတယ်။
တေးသီချင်းတွေကို စီးပွားဖြစ်ပြန်လည်သီဆို ထုတ်လုပ်ပါက မူပိုင်ခွင့်တောင်းခံရတာဖြစ်ပြီး၊ခွင့်ပြုမှသာ ဘားတွေ၊ကလပ်တွေ စီးပွားဖြစ်စတိတ်ရှိုးပွဲတွေမှာ သီဆိုခွင့်ပြုထားတာဖြစ်ပါတယ်။
ကျားပေါက်က သူခွင့်ပြုထားတာမရှိဘဲ စာရင်းထဲပါရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတေးရေးဆရာအများစုရဲ့ မူပိုင်ခွင့်ပြုချက်ကိစ္စရပ်များကို တရားဝင် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ဂီတမူပိုင်ခွင့်အဖွဲ့ ဦးဆောင်အဖွဲ့ထဲမှာပါဝင်နေတဲ့တေးရေးဆရာ မြင့်မိုးအောင်ကိုအွန်လိုင်းကတဆင့် မေးမြန်းခဲ့တယ်လို့အသိပေးထားပါတယ်။
“ကိုမြင့်မိုးအောင်ပြောတာတော့ သူတို့ခွင့်မပြုပေးထားဘူး THOR က “စိတ်လော” ပြီး Imagine logo တပ်ထားတဲ့ ဆိုခွင့်ရှိတဲ့သီချင်းများ list ထဲကိုထည့်တာပါတဲ့။
စာအုပ်ထဲမှာဘယ်သီချင်းတွေထည့်ထားလဲ Imagine ဆိုတဲ့မူပိုင်ခွင့်အဖွဲ့က ပြန်မကြည့်ဘူးထင်ပါတယ်။
စာအုပ်ထဲမှာ အဲ့လိုခွင့်ပြုချက်မရပဲထည့်ထားရင်လဲ artist က ကိုယ့်ဘာသာရှင်းရမယ်တဲ့။ အဲ့လိုထည့်ထားကြောင်း artist ကိုအသိပေးလားဆိုတော့ မပေးဘူး။
ဒီလိုပဲ ဖြစ်ချင်တိုင်းဖြစ်နေပြီး လက်သည်မပေါ်တာ ကြာပါပြီ အခုမှ မဟုတ်ဘူး။ “လို့ကျားပေါက်က အသိပေးထားပါတယ်။
လူမှုကွန်ရက်စာမျက်နှာများမှာ တွေ့မြင်နေရတဲ့အငြင်းပွါးဖွယ် ကိစ္စရပ်များအတွက် 𝗧𝗵𝗲 𝗛𝗲𝗮𝗿𝘁 𝗢𝗳 𝗥𝗮𝗻𝗴𝗼𝗼𝗻 (𝗧𝗛𝗢𝗥) ကပြန်လည်ဖြေရှင်းခြင်းထားပါသေးတယ်။
“ကျွန်တော်တို့ 𝗧𝗵𝗲 𝗛𝗲𝗮𝗿𝘁 𝗢𝗳 𝗥𝗮𝗻𝗴𝗼𝗼𝗻 (𝗧𝗛𝗢𝗥) သည် တေးသီချင်းများနှင့်ပတ်သတ်၍ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စအရပ်ရပ်အတွက် တေးရေးဆရာအများစု၏ မူပိုင်ခွင့်ပြုချက်ကိစ္စရပ်များကို တရားဝင် ဆောင်ရွက်နေသော 𝗜𝗺𝗮𝗴𝗶𝗻𝗲 𝗠𝘂𝘀𝗶𝗰, မြန်မာနိုင်ငံ ဂီတမူပိုင်ခွင့်အဖွဲ့ (Music Copyright Myanmar) တို့နှင့် အကြိုညှိနှိုင်းသဘောတူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ ခွင့်ပြုချက်ရယူလိုသော တေးသီချင်းစာရင်းကို ပဏာမအဆိုပြု တင်ပြခြင်းဖြစ်ပါသည်။ တေးသီချင်းများကို ပြင်ဆင်ပြောင်းလဲရာ၌ ထပ်မံဝယ်ယူခြင်း၊ ခွင့်ပြုချက်မရရှိသောတေးသီချင်းများအား ပြန်လည်ပယ်ဖျက်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်”ဆိုပြီးအသိပေးထားပါတယ်။



