ထိုင်းက ဖမ်းဝရမ်းထုတ်ပြီး ၂ရက်အကြာ မြန်မာဘက်က ထုတ်လိုက်တာဖြစ်
မြန်မာ-ထိုင်း ၂နိုင်ငံသားအဖြစ် ခံယူထားသူလို့ သတင်းကြီးနေတဲ့ ထိုင်းလို မစ္စတာ ဆန်ဂါ မြန်မာလို ဦးကျော်လွင်ကို ထိုင်းနဲ့မြန်မာ ၂နိုင်ငံလုံးက
အွန်လိုင်းလောင်းကစားလုပ်ငန်း စွပ်စွဲချက်နဲ့ ထိုင်းဘက်ကရော မြန်မာကော့သောင်းတရားရုံးကရော ဖမ်းဝရမ်းထုတ်လိုက်တာကိုတွေ့ရပါတယ်။
ထိုင်းဘက်က လွန်ခဲ့တဲ့ ၂ရက်လောက်က ထုတ်ခဲ့တာဖြစ်ပြီး မြန်မာဘက်က ဒီကနေ့ ၂၀၂၄ ဖေဖော်ဝါရီ ၇ရက် ညကမှ ဖမ်းဝရမ်းသတင်းကို ထုတ်ပြန်ခဲ့တာပါ။
ထိုင်းရဲတပ်ဖွဲ့ ရဲမှူး မစ္စတာ ယွက်ထန (Yutthana Praedam) ကဦးကျော်လွင်ကို လောင်စာဆီတင်သွင်းမှုမှာအခွန်တိမ်းရှောင်တဲ့ ငွေကြေးခဝါချမှုအပါအဝင် အွန်လိုင်းလောင်းကစား၊ ကွန်ပျူတာအသုံးပြုလုပ်ကိုင်တဲ့ ရာဇဝတ်မှုစတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ထိုင်းဥပဒေပုဒ်မ ၄ ခုထက်မနည်းနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြောထားပါတယ်။
မြန်မာတရားရုံးဘက်ကတော့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က ထိပ်သီးသူဌေး ကျွန်းပိုင် ဦးကျော်လွင် ကို တရားမဝင်အွန်လိုင်းလောင်းကစားမှုနဲ့ ဖမ်းဝရမ်းထုတ်တယ်လို့ ဆိုပါတယ်။
ထိုင်းဘက်နဲ့မြန်မာဘက် တံခါးမရှိ၊ဓါးမရှိ ကူးချည်သန်းချည် လုပ်နေတဲ့ စက်သုံးဆီသူဌေးလည်းဖြစ်တဲ့ ဦးကျော်လွင်ဟာ အွန်လိုင်းလောင်းကစားကနေရတဲ့ ငွေတွေကို အသွင်ပြောင်းလိုက်တာ၊ဖုံးကွယ်တာတွေ လုပ်တယ်ဆိုတာကို သံသယရှိတယ်လို့ မြန်မာတရားရုံးဘက်က ပြောဆိုထားတာတွေ့ရပါတယ်။
မြန်မာနယ်စပ်လောက်ကိုင်ဘက်မှာ ကျားဖြန့်နဲ့ကြီးပွါးနေတဲ့ ပယ်မိသားစုအပါအဝင် ကိုးကန့်သူဌေးအချို့ ကို တရုတ်ကဖမ်းပြီးနောက် ထိုင်းဘက်ကလည်း တရုတ်ဖိအားနဲ့အတူ မြန်မာနယ်စပ်ဘက်က အွန်လိုင်းလောင်းကစားသမားတွေကို ဖမ်းဖို့ကြိုးစားလာတာ တွေ့နေရပါတယ်။



