မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပန်းရံလုပ်ကိုင်ရင်း ဓာတ်လိုက် သေဆုံးသွားသည့် သားဖြစ်သူ ကိုစောမောင်သိန်း(၁၉ နှစ်)၏ အသုဘသို့ ရခိုင်ပြည်နယ်မှသွားရာလမ်းတွင် ဖခင်ဖြစ်သူယာဉ်မတော်တဆဖြစ်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည် ပရဟိတအသင်းသိရသည်။
သားဖြစ်သူမှာ မော်လမြိုင်မြို့၊ ဆီဇုံအပိုင်ရှိ ဆင်ဖြူတော်ပရိယတ္တိစာသင်တိုက်အတွင်း ပန်းရံလုပ်ကိုင်နေစဉ် ဇွန်လ ၂၄ရက်က ဓာတ်ကြိုးကို မတော်တဆနင်းမိရာမှ သတိလစ်ကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မင်းပြားမြို့ရှိ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့အပါအဝင် မိသားစုဝင် စုစုပေါင်း ၁ဝ ဦးတို့ သားဖြစ်သူ၏နာရေးရှိရာ မော်လမြိုင်မြို့သို့ မှန်လုံကားတစ်စီးငှား၍ ယင်းနေ့တွင် ချက်ချင်းလိုက်သွားခဲ့စဉ် ဇွန်လ ၂၅ ရက်က နေပြည်တော်အနီး အမြန်လမ်းတစ်နေရာ၌ ကားတိုက် မှုဖြစ်ကာ ကားခေါင်းခန်းတွင်ထိုင်လာသူ ဖခင် ဦးအထွန်းမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။
“အဖေဖြစ်သူရဲ့အလောင်းကို နေပြည်တော်ဆေးရုံကြီးကနေ မော်လမြိုင်ကို ကားငှားပြီး သယ်လာပါပြီ။သားအဖ၂ယောက်ရဲ့အလောင်းကို ဒီနေ့၊ ညနေ မော်လမြိုင်မြို့၊ ပိန္နဲကုန်းသုသာန်မှာ သဂြိုလ်သွားပါမယ် ”မြေပြင်လူမှုကူညီရေးအသင်းကသိရသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူအချို့မှာ နေပြည်တော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်းသိရသည်။
မတော်တဆမှုဖြစ်ပွားခဲ့သည့်မိသားစုမှာ အခြေခံလက်လုပ်လက်စားများဖြစ်ပြီး လက်ရှိတွင် သားဖနှစ်ဦး၏နာရေးကိစ္စနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများ၏ ဆေးကုသမှု စရိတ်အခက်အခဲရှိကြောင်းလည်း သိရသည်။





