ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ ၁၀ ဈေးအနီး ကြယ်စင် လင်းရတနာရွှေဆိုင်သို့ သေနတ်ကိုင်ဆောင်ထားသူ ၄ ဦးဝင်ရောက်၍ ဓားပြတိုက်ခဲ့ရာ ကျပ်သိန်း ၄၀၀၀ ကျော်ခန့်တန်ဖိုးရှိ ရွှေထည် ပစ္စည်းများပါသွားကြောင်း သိရသည်။
ယနေ့ မေလ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်က ပစ္စတိုသေနတ် ကိုင်ဆောင် ထားသည့် အမျိုးသား ၄ ဦး က ပရိုဘောက်စ်ကားအဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း ၊ယင်းအချိန်တွင် ဆိုင်တွင်ဝန်ထမ်း ၄ ဦးသာ ရှိနေ ခဲ့ပြီး ပစ္စတိုသေနတ်ကိုင်ဆောင်လာသူက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဝန်ထမ်းများကို ဆိုင်နောက်ခန်း၌ ထိုင်ခိုင်းစဉ် ကျန်အမျိုးသား ၃ ဦးက ဆိုင်အတွင်းရှိ အဆိုပါ ရွှေထည်ပစ္စည်းများကို ယူဆောင်ပြီး ကားဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ယခုအခါ လုံခြုံရေး တာဝန်ရှိသူများက အဆိုပါ ရွှေဆိုင်သို့ရောက်ရှိနေကြကာ စစ်ဆေးရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း သိရသည်။

