သာကေတတွင် ရွှေဆိုင်ကိုဓားပြတိုက်ခဲ့သူများအား ၂၄ နာရီအတွင်းဖမ်းမိခဲ့ဟုနစက ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်တွင် မေလ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသား ၄ ဦးသည် သေနတ်အတို ၁ လက် ကိုင်ဆောင်၍ Probox (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့ကို ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူများအား ၂၄ နာရီအတွင်း ဖမ်းမိကြောင်း နစက သင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာ ယင်းနေ့ ၂ နာရီတွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၄)လမ်း၊ အိမ်အမှတ်(၅၅၉)၌ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့်-၃၈၀ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈၀ ကျည်အိမ် ၁ ခု၊ ရှို့ပစ်လက်လုပ်ဗုံး ၂ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆ ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊ ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ် ၃၀ သိန်းတို့နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး ၏ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် အင်းစိန်ပန်းခြံ၌ စကင်မရွန်းဇင် အားလည်းကောင်း၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ “ရွှေကောင်းကြွယ်” လက်ဘက်ရည်ဆိုင်၌ မင်းခန့်မောင် အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ မင်းခန့်မောင် ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် လှည်းကူးမြို့နယ်၊ မေဃဝတီရပ်ကွက်၌ ကျော်မင်းဝေ(ခ)ဝေကြီး နှင့် ဇေယျာအေး(ခ)ဇေယျာ တို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၄ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်း၊ တိုက်အမှတ်(၁၀၅)၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၂၀ တောင့်၊ ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလော့ကတ်သီး ၁ ခု၊ ရွှေဆွဲပြား ၂ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုင်ဦး(ခ)စွန်ရဲ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြား(၃)လမ်း၊ အိမ်အမှတ်(၅/၇၆၈)၌ ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သော လက်နက်၊ခဲယမ်း များအား သိမ်းဆည်းပေးသူ လင်းဦး အား လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၈ ဦးနှင့်အတူ Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃၀ သိန်းတို့အား တာဝန်သိ ပြည်သူ များ၏ သတင်းပေးပို့မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့ညမပြတ် အရှိန်အဟုန်မြှင့် စစ်ဆေး ရှာဖွေဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ယင်းတို့၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် မတ်လ ၁၀ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ ကို ဓားပြတိုက် လုယက်ခဲ့ကြောင်း။ဧပြီလ ၃ ရက်တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀)၊ အလယ်ဘလောက်ရှိ Kaung Lay Mobile ဖုန်းဆိုင်ကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံး ဓားပြတိုက်လုယက်ခဲ့သေးကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *