လောစ် အိန်ဂျလိ့စ်၊ ဩဂုတ် ၂၄
ဩဂုတ် ၂၃ရက် ဗုဒ္ဓဟူးနေ့က Fox News မှာ ရီပတ်ဘလီကန်တွေရဲ့အဓိက စကားစစ်ထိုးပွဲကနေ နုတ်ထွက်ခဲ့တဲ့ သမ္မတ ဟောင်းထရမ့် ရဲ့ စကားစစ်ထိုးအင်တာဗျူးကို ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ပရိသတ်သန်းနဲ့ချီပြီး စိတ်ဝင်တစား ကြည့် ရှုခဲ့ကြတယ်လို့ သိရပါတယ်။
ရှေးရိုးစွဲတွေကိုဝေဖန်သူ တတ်ကာ ကာလ်ဆန်နဲ့ ထရမ့်တို့ရဲ့ ၄၆ မိနစ်ကြာ အပြန်အလှန် ပြောဆိုတာတွေကို ကြည့်ရှုသူ ၇၄ သန်းကျော်ရှိခဲ့တယ်လို့ အရင်က Twitter လို့ခေါ်ခဲ့တဲ့ Xပလက်ဖောင်းပေါ်က စာရင်းဇယားတွေအရ သိရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆိုက်ထဲကို ဝင်ပြီး ကြည့်ခဲ့တဲ့သူတွေဟာ အချိန်ဘယ်လောက်ကြာကြာကြည့်ခဲ့တယ် ဆိုတာကတော့ မရှင်းလင်း ဘူးလို့ ဆိုပါတယ်။
X ထဲကို ဝင်ကြည့်ခဲ့တဲ့ အရေအတွက်ထဲမှာ ဗီဒီယိုကို ကျော်သွားတဲ့သူ၊ စက္ကန့်နည်းနည်းလောက်ပဲ ကြည့်ခဲ့သူအပြင် အင်တာဗျူးတစ်ခုလုံးကို ကြည့်ရှုသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ တချို့သောကြည့်ရှုသူတွေက ဗီဒီယိုကို မတူ ညီတဲ့အချိန်တွေမှာ ဒါမှမဟုတ် မတူညီတဲ့ စက်ပစ္စည်းတွေနဲ့ ကြည့်ခဲ့ရင် နှစ်ကြိမ်ဆိုပြီး ရေတွက်နိုင်တယ်လို့ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ညနေခင်း Fox News စကားစစ်ထိုးပွဲမစတင်မီ မိနစ်ပိုင်းအလိုမှာ ကာလ်ဆန်က အင်တာဗျူးကို တင်ခဲ့တာ ဖြစ်ပါတယ်။
Fox News ရဲ့ စကားစစ်ထိုးပွဲကို ကြည့်ရှုသူ ဘယ်လောက်ရှိတယ် ဆိုတဲ့ အချက်အလက်တွေကိုတော့ ဩဂုတ် ၂၄ ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရကြောင်းလည်း သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ရတဲ့ ထရမ့်ဟာ သူ့ကို အသရေဖျက်မှုတွေ တခြား စွပ်စွဲပစ်တင်တာတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရတဲ့ကြားကပဲ လာမယ့် ၂၀၂၄ခုနှစ် နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို မရ ရအောင် ဝင်ပြိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
Ref: Reuters
ပုံစာအညွှန်း။ ရီပတ်ဘလစ်ကန်သမ္မတလောင်းနဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့် အိုင်အိုဝါပြည်နယ် မှာ ဩဂုတ်လ ၁၂ ရက်နေ့က မဲဆွယ် စကားပြောနေပုံ
Feature Image Credit: REUTERS/Evelyn Hockstein