
စပိန်ကမ်းခြေစောင့်တပ်က ကယ်တင်ခြင်းမခံရမီ သင်္ဘောဝမ်းဗိုက်အောက်မှာ ခိုးလိုက်လာတဲ့ နိုက်ဂျီးရီးယန်း သုံးယောက်ကို တွေ့ရပုံ
Photo Credit: Salvamento Maritimo/REUTERS
လတ်စ် ပလားမတ်စ်၊ နိုဝင်ဘာ ၂၉
လောင်စာဆီတွေတင်လာတဲ့ ပင်လယ်ကူးသင်္ဘောကြီး ဝမ်းဗိုက်အောက်က အငုတ်တစ်ခုပေါ်မှာ ခိုးလိုက်လာတဲ့ နိုက်ဂျီးရီယန်းသုံးယောက်ဟာ ပင်လယ်ထဲ ၁၁ရက်အကြာ ခရီးနှင်ပြီး နိုဝင်ဘာ ၂၈ရက်နေ့မှာ စပိန်နိုင်ငံ ကန်နရီကျွန်းစုကို အရောက် ကမ်းခြေစောင်တပ်ဖွဲ့က တွေရှိခဲ့ပြီး ည ခုနှစ်နာရီ ဝန်းကျင်မှာတော့ အရေးပေါ် ဖမ်းဆီး ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ၁၈၃မီတာ ရှည်လျားတဲ့သင်္ဘောကြီးဟာ နိုဝင်ဘာ ၁၇ ရက်က နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ကနေ ထွက်ခွာလာပြီး အနောက်အာဖရိကကမ်းရိုးတန်းကို ဖြတ်ကာ စပိန်နိုင်ငံ လတ်စ် ပလားမတ်စ်မှာရှိတဲ့ ကန်နရီကျွန်းစုဘက်ကို ဆိုက်ရောက်လာတာလို့ ဒေသဆိုင်ရာ ရေကြောင်းအရာရှိတွေက ပြောပါတယ်။
ကန်နရီ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဖမ်းဆီးကယ်ထုတ်ခဲ့တဲ့သူတွေကို ဂရုစိုက်ဖို့ အစာအဟာရပေးဖို့ အပြင် လတ်တလော နေရာထိုင်ခင်း တွေပါမကျန် သင်္ဘောအော်ပရေတာတွေဘက်က တာဝန်ယူစီစဥ်ပေးဖို့ ညွှန်ကြားထားပြီး ခိုးဝင်လာတဲ့သူတွေကို နေရပ်ပြန်ပို့ဖို့ ကိစ္စကတော့ သင်္ဘောကုမ္ပဏီ ဘက်က တာဝန်ရှိတယ်လို့ လည်း ပြောပါတယ်။
ခိုးဝင်ရွှေ့ပြောင်းလာတဲ့သူတွေအနေနဲ့ကလည်း အနည်းဆုံး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခွင့်ကို သင်္ဘောနဲ့ ပြန်လိုက်မသွားရခင် ကြားအချိန်မှာ ကြိုးစားသင့်တယ်လို့ နိုင်ငံဖြတ်ကျော်ရွှေ့ပြောင်း သူတွေကူညီတဲ့အဖွဲ့ “Walking Borders” ရဲ့ ဒါရိုက်တာ ဟယ်လင်နာ မလန်နို က အကြံပြုပါတယ်။ မြင်တွေ့ရတဲ့ ဓါတ်ပုံတွေက သူတို့သုံးယောက် နောက်မှာ မယုံနိုင်လောက်အောင် ပြင်းထန်တဲ့ အကြောင်းအရာ အရာတစ်ခု ရှိနေနိုင်တာ ကို သိနိုင်တယ် လို့လည်း မလန်နို ဆိုပါတယ်။
စပိန်ပိုင် ကန်နရီကျွန်းတွေဟာ ဥရောပကို ရောက်ဖို့ ကြိုးစားလေ့ရှိတဲ့ အာဖရိက ရွှေ့ပြောင်းနေထိုင်သူ တွေကြား ထဲမှာ ရေပန်းစားနေတဲ့ တံခါးပေါက် တစ်ခုဆိုပေမယ့် အရမ်းအန္တရာယ်များတဲ့ တံခါးပေါက်လည်း ဖြစ်နေပြန်တယ်လို့ ဆိုကြပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး ဥရောပကို ရွှေပြောင်းနေထိုင်ချင်သူ ၂၉၇၆ ဦးဟာ အာဖရိကကနေ စပိန်ကျွန်းစုတွေဆီကို ပင်လယ် ဖြတ်ပြီး ကြိုးပမ်းခဲ့ပေမယ့် တစ်ယောက်မှ မအောင်မြင်ခဲ့ဘဲ ဒီနေ့ထိ သတင်းအစအန မရဘဲ သူတိုတွေ သေဆုံးတာမျိုး ဒါမှမဟုတ် လုံးဝကို အစပျောက်သွားတာမျိုးတွေပဲ ဖြစ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း တွေက ပြောပါတယ်။
ကယ်ထုတ်ထားတဲ့ သုံးယောက်မှာ နှစ်ယောက်ကတော့ ပုံမှန် ဖြစ်နေပြီး ကျန်တဲ့တစ်ယောက်ကတော့ ရေဓာတ် ခမ်းခြောက်နေလို့ ဂရန်း ကန်နရီဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်။
Ref: Reuters