၁၂ အောက်တိုဘာ၊၂၀၂၃
မြန်မာ-တရုတ်နယ်စပ်က တိုင်းရင်းသားဒေသအချို့မှာ အများစု အခြေပြုထားတဲ့ အွန်းလိုင်းဂိမ်းတွေကြောင့် တရုတ်ပြည်သူတွေဆင်းရဲကြုံလို့ဆိုပြီး တရုတ်အစိုးရက အဲ့ဒီဂိမ်းတွေကို ခပ်ကြမ်းကြမ်းနှိမ်နင်းနေတာမှာ အဲ့ဒီမှာရှိနေကြတဲ့ ရာနဲ့ချီထောင်နဲ့ ချီတဲ့ တရုတ်နိုင်ငံသားတွေအပြင် “ဝ”၊ကိုးကန့် စတဲ့ တိုင်းရင်းသားဒေသတွေက ခေါင်းဆောင်ပိုင်းအချို့နဲ့ နီးကပ်သူတွေပါ တရုတ်အစိုးရရဲ့ ဆက်တိုက်ဖမ်းတာကို ခံနေရပါတယ်။
တရုတ်အစိုးရဟာ တရုတ်နိုင်ငံသားတွေရဲ့ တိုင်ကြားချက်တွေကြောင့် စုံစမ်းစစ်ဆေးရင်း မြန်မာ-တရုတ်နယ်စပ်က အွန်လိုင်းလောင်းကစားဂိမ်းရဲ့ ကြီးမားကျယ်ပြန့်မှုကို သိရှိလာရာကနေ အဲ့ဒီအွန်လိုင်းဂိမ်းတွေအပေါ် တရုတ်အစိုးရဘက်က အကြီးအကျယ်အမျက်ရှခဲ့တာပါ။
အဲ့ဒီအွန်လိုင်းဂိမ်းကို အများဆုံးဆောင်ရွက်နေတာက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေသာ အများစုဖြစ်ကြပါတယ်။
လောင်းကစားဂိမ်းတွေကို “မြေလှန်ပစ်မယ်”ဆိုတဲ့ တရုတ်ရဲ့ ကြုံးဝါးမှုနဲ့ အတူ မြန်မာဘက်ကို ပူးပေါင်းဖို့ တောင်းဆိုလို့ ဇွန်လနဲ့ဩဂုတ်လထဲမှာပဲ တရုတ်နိုင်ငံသား စုစုပေါင်း ၂၄ဦးတို့ကို မြန်မာက ဖမ်းပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တရုတ်ဆီ လွှဲပြောင်းခဲ့တာကို တွေ့ရပါတယ်။


မြန်မာဘက်ကနေ ဩဂုတ်၂၃ရက်က ဖမ်းပြီးလွှဲလိုက်တဲ့ တရုတ်နိုင်ငံသား ၂ဦးထဲ တစ်ဦးက ဆက်သွယ်ရေး လောင်းကစားနဲ့ လိမ်လည်မှုအဖွဲ့ရဲ့ အမာခံခေါင်းဆောင်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ အထူးသဖြင့် “ဝ”၊ကိုးကန့် ဘက်ကို တရုတ်က ဖိအားပေးလာပြီး အဲ့ဒီမှာ ရှိတဲ့ ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံစားတွေကို ဖမ်းခိုင်းပြီး လွှဲပြောင်းခိုင်းတာတွေ လုပ်လာပါတယ်။


လက်ရှိမှာတော့ တရုတ်ဘက်က UWSA အရာရှိ ၂ ဦးကို အွန်လိုင်းဂိမ်းတွေနဲ့ ပတ်သတ်ပြီး ယွမ်း၅သိန်းဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။တရုတ်ရဲ့ ဖမ်းဝရမ်းထုတ်ခံထားသူတွေထဲ ၀ ခေါင်းဆောင်ဟောင်း ပေါက်ယူချန်းရဲ့ သမက်ဟောင်း မိုင်းလင်းခရိုင်မှူး အိုက်ဟော် လည်းပါတဲ့အပြင် လက်ရှိ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ဆောက်လုပ်ရေးဌာနအကြီးအကဲ ပေါက်ယန်ပန် လည်းပါတာတွေ့ရပါတယ်။
တရုတ်ဘက်က ကိုးကန့်ဒေသက အကြီးစား စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ဝေချင်းထောင်၊ လျိကျိန်းချီ၊စူးဟုန်းရှန်း စတဲ့ ၁၁ ဦးကို လက်တလောမှာ ဖမ်းထားပါတယ်။
၀ နဲ့ ကိုးကန့် တာဝန်ရှိသူတွေကို တရုတ်ဘက်က အွန်လိုင်းဂိမ်းနှိမ်နင်းရာမှာ ပူးပေါင်းဖို့ ဖိအားတွေပေးနေပါတယ်။