လှိုင်းထန်လာတော့မယ့် ၂၀၂၃ထိုင်းအထွေထွေ ရွေးကောက်ပွဲ

 United Thai Nation ပါတီကို ထောက်ခံသူများတွေ့ရပုံ  
Photo Credit: Lillian Suwanrumpha/AFP/Getty Images

ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်တော့မယ့် ပေတွန်တန် ရဲ့ ဖခင် သက်ဆင် ရှင်နာဝပ် တစ်ယောက် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူး ကို ထမ်းဆောင်နေတဲ့အခိုက် ၂၀၀၆ခုနှစ်မှာ စစ်တပ်က အာဏာ သိမ်းပြီး ဖြုတ်ချခဲ့သလို နောက်ထပ် ရှစ်နှစ်အကြာ သူမ အဒေါ်ရင်းဖြစ်တဲ့ ဝန်ကြီးချုပ် ယင်လပ် လည်း အလား တူ အဖြစ်မျိုး ကြုံခဲ့ရတယ်လို့ အခု ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ထိုင်းမီဒီယာတွေ ကရေးသားနေကြတယ်။

ဒီနေ့ဆိုရင် ထိုင်းနိုင်ငံရဲ့ ကျော်ကြားထင်ရှားတဲ့ သက်ဆင်နိုင်ငံရေးမျိုးဆက်ရဲ့  တတိယမျိုးဆက်ဖြစ်တဲ့ ပေတွန်တန် ရှင်နာဝပ်ထရာဟာ သူမ ဖခင်နဲ့ အဒေါ်တို့လိုပဲ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာဖို့ အားယူနေပြီ ဖြစ်ပါတယ်။

အတိုက်အခံ ဖြူးထိုင်းပါတီဘက်ကနေ  လာမယ့်  မေလ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေနဲ့  အပြိုင်ကြဲ ကြမယ့် ဝန်ကြီး ချုပ်လောင်း သုံးဦး က ပေတွန်တန် အပါအဝင် စီးပွားရေးသမား သူဌေး ဆရက်ထာ ထာဗီဆင် နဲ့ တရား ရေး ဝန်ကြီးဟောင်း ပါတီဗျူဟာမှူး ချိုက်ကာဆမ် နတ်တီဆရီ တို့ပဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ်ချန်အိုချာက အာဏာသိမ်းပြီး ပေတွန်တန်ရဲ့ အဒေါ် ယင်လပ် ကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက်  နောက်ထပ်ခြေလှမ်းအနေနဲ့ ဝန်ကြီးချုပ်ရာထူးအထိ အရောက်လှမ်း ခဲ့သူ ဖြစ်တယ်။

အဖြစ်အပျက်ဟောင်းတွေကို ပြည်သူတွေ မမေ့ကြဖို့ “ကျွန်မတို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် စစ်တပ်က အာဏာ သိမ်းတာကို ရင်ဆိုင်ခဲ့ရပါတယ်” လို့  အခုသီတင်းပတ်ထဲမှာ လုပ်ခဲ့တဲ့ မဲဆွယ်စည်းရုံးပွဲမှာ အနီရောင်တွေ ဝတ်ဆင်ထားတဲ့ ဖြူးထိုင်းပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာကို ပေတွန်တန်က  ပြောခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် မေလမှာ အောင်ပွဲခံကြမယ်လို့လည်း ဂတိပြုပြောဆိုပါတယ်။

ဆယ်စုနှစ်တစ်ခုနီးပါး ဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံတော်နဲ့အတူ ပြည်သူတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ပြန်လည် ယူ ဆောင် လာမယ်” လည်း ပြောခဲ့သလို “နောက်တကြိမ် အာဏာသိမ်းတာကို မလိုလားဘူး” လို့ လည်း ပြောဆိုလိုက် ပါတယ်။

လက်ရှိ ဖြူးထိုင်းပါတီကတော့ ပေတွန်တန်ရဲ့ ဖခင် သက်ဆင်ရှင်နာဝပ်ရဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကတိ ကဝတ် တွေအဖြစ်  အနိမ့်ဆုံးလုပ်ခကို နှစ်ဆတိုးရန်၊ ကျန်းမာရေးစောင့်ရှောက်မှု တိုးချဲ့ရန်နဲ့ အများသူငှာ သယ်ယူ ပို့ဆောင်ရေး ယာဉ်စီးခတွေကို ဖြတ်တောက် လျှော့ချရန် စတဲ့ အချက်တွေ ပါဝင်တာ သိရပါတယ်။

ဒါ့အပြင် ကပ်ရောဂါကနေ ရုန်းထွက်နိုင်ခါစ ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်သွားဖို့ ကတိပြုပါတယ်။

အခုခေတ်ကာလ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်နဲ့ စစ်တပ်နှစ်ရပ်စလုံးရဲ့ အာဏာတွေနဲ့ ပတ်သက်တဲ့ လူငယ်တွေရဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေ၊ တောင်းဆိုမှုတွေက ၂၀၂၀ ကစ အရှိန်မြင့်လာခဲ့တာမို့ လာမယ်ရွေးကောက်ပွဲမှာ လူငယ်တွေရဲ့ မဲတွေ အရေးပါလာမယ်လို့လည်း အကဲခတ်သူတွေက သုံးသပ်ပြပါတယ်။

ဘုရင်စနစ်ကို လေးလေးနက်နက် ကြည်ညိုလေးစားပြီး ဘုရင်ကို စော်ကားတာဟာ ထောင်ဒဏ် နှစ်ချီ ချနိုင်တဲ့ ရာဇ၀တ် မှုတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံမှာ အဲ့ဒီလို အတွေးအခေါ်တွေနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်တွေအကြား ဝေဖန် မှုတွေကလည်း တစ်စတစ်စ တိုးလာနေတာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဆက်သွယ်ရေး ဘီလျံနာတစ်ဦးဖြစ်ပြီး  သူ့ရဲ့ ဆေးဝါးကုသပေးမှု၊ အကြွေး  သက်သာ စေမှု စတဲ့ လုပ်ဆောင်ရပ်တည်ချက်တွေကြောင့် ကျေးလက်ဆင်းရဲသားတို့ကြား ရေပန်း စားခဲ့တာ ဖြစ်ပါတယ်။ သူ့ဟာ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး  စီးပွားရေးလုပ်ငန်းတွေရဲ့ အောင် မြင်မှုခေတ်ကိုလည်း ပေါ်ထွန်းစေခဲ့တာမို့ သူရဲ့အမှတ်တံဆိပ် “Thaksinomics” ဆိုတာ သူ့ရဲ့ စီးပွား ရေးဆိုင်ရာ အောင်မြင်မှုမှု မှတ်ကျောက် တစ်ခု ဖြစ်ခဲ့ပါတယ်။

သက်ဆင်ရဲ့ မူဝါဒအရလယ်သမားတွေအတွက် ချေးငွေနဲ့  ကြွေးမြီတွေကို ဆိုင်းငံ့ထားတဲ့ အပြင် လောင်စာဆီစျေးနှုန်းတွေနဲ့ ဆိုင်တဲ့ မူဝါဒတွေကိုပါ ပြုပြင်ခဲ့တာကြောင့်  နိုင်ငံရဲ့ အများစု ဖြစ်တဲ့ ကျေးလက်ဒေသခံပြည်သူတွေအတွက် အခွင့်သာ ပေ မယ့် နိုင်ငံရဲ့  လူချမ်းသာ အထက်တန်းလွှာတွေ အတွက် တော့ရင်လေးစရာဖြစ်ခဲ့ပါတယ်။

 ၂၀၀၆ ခုနှစ် အရောက်မှာတော့ သက်ဆင်ဟာ အဂတိလိုက်စားမှုနဲ့  စွပ်စွဲခံရပြီးနောက် စစ်တပ်ရဲ့အာဏာသိမ်းဖြုတ်ချတာ ခံခဲ့ရပြီး ထိုင်းနိုင်ငံပြင်ပကို သွားရောက် ရှောင်တိမ်းနေထိုင်ခဲ့ပါတယ်။

 ၂၀၁၁ ခုနှစ်ကိုရောက်တော့ သက်ဆင်ရဲ့ ညီမငယ်ဖြစ်တဲ့ ယင်လတ်က ရွေးကောက်ပွဲ အနိုင်ရပြီး ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

၂၀၁၄ မှာတော့ ယင်လပ် အစိုးရကို ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက အာဏာသိမ်းဖြုတ်ချခဲ့ပြီး  ၂၀၁၉ခုနှစ်အထိ ၅နှစ်နီးပါး စစ်အစိုးရအဖြစ်အုပ်ချုပ်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။အဲ့ဒိမှာ United Thai Nation ဆိုတဲ့ ပါတီကို ထူထောင်လိုက်ပြီးသူလည်းပဲ အရပ်ဝတ်လဲပြီး ဝင်ပြိုင်ခဲ့တယ်။ သူပဲမဲနိုင်ပြီး ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့ပါတယ်။

အခုတော့ နောက်ထပ် အထွေထွေ ရွေးကောက်ပွဲ ကို လာမယ့် မေ ၁၄ မှာ ထိုင်းနိုင်ငံတစ်ခွင် ကျင်းပတော့မှာပါ။

၁၀စုနှစ်တွေထဲမှာ ရွေးကောက်ပွဲနိုင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် အာဏာသိမ်းဖြုတ်ချခံခဲရတဲ့ ဖြူးထိုင်းပါတီကြီးရဲ့ နောက်ထပ် မျိုးဆက်သစ်တွေ ကတော့ အားကောင်းမောင်းသန် ပြန်ဖြစ်လာပြီး ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ ဝန်ကြီးချုပ် ပရာယွတ်ကို ယှဥ်ပြိုင်ဖို့ အသင့်ပဲမို့ အားကြီးတဲ့နှစ်ဘက် ဗိုလ်လုရမယ့်ပွဲမို့ ပွဲကတော့ ကြမ်းဖို့ သေချာနေပြီလို့ပဲ ဆိုလိုက်ပါရစေ။

Ref: A coup ousted her father. Now she’s taking on the military in Thailand’s election

By Heather Chen and Kocha Olarn, CNN, Sat April 8, 2023

Leave a Reply

Your email address will not be published. Required fields are marked *