လေယာဉ်မဆင်းခင် အရေးပေါ်တံခါးပေါက်ဖွင့်ခဲ့မှု တောင်ကိုရီးယားမှာဖြစ်ပွါး

၂၀၂၃ မေ၂၆ရက်မွန်းလွဲပိုင်းက တောင်ကိုရီးယားအခြေစိုက် အေးရှားနားလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် ဆိုးလ်မြို့တော်တောင်ဖက်ခြမ်းကို မဆင်းခင် ၂မိနစ် ၃မိနစ်လောက်အလိုမှာ ခရီးသည်တွေထဲက အမျိုးသားတစ်ယောက်က အရေးပေါ်တံခါးပေါက်ကို ဖွင့်ချလိုက်တာ ပွင့်သွားပါတယ်။

မြေပြင်ကနေ ပေ၇၀၀လောက်အမြင့်မှာ အဲဒီလို အရေးပေါ်တံခါးပေါက်ပွင့်သွားတာဖြစ်လို့ အပြင်ကနေ လေယာဉ်ထဲကို တိုးဝင်လာတဲ့ လေဖိအားက သိပ်မပြင်းလို့ အသက်ဘေးကြုံတွေ့ခဲ့ရသူတွေတော့မရှိခဲ့ပါဘူး။

ဒါပေမယ့် လေတိုးတဲ့အတွက် ခရီးသည် ၁၂ဦးဒဏ်ရာအနည်းငယ်စီရတယ်လို့ ဒယ်ဂူမီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။လေယာဉ်အဆင်းမှာ ဒဏ်ရာရသူတွေကို လူနာတင်ကားတွေက ဆေးရုံပို့ပေးတာတွေ့ရသလို အရေးပေါ်တံခါးပေါက်ဖွင့်သူကိုလည်း ရဲတွေက ချက်ခြင်းဖမ်းဆီးလိုက်ပါတယ်။

အဲဘတ်စ်၃၂၁အမျိုးအစား အဲဒီလေယာဉ်ပေါ်မှာ ခရီးသည်၁၉၄ဦးနဲ့ လေယာဉ်မှူးအပါအဝင် လေယာဉ်ဝန်ထမ်း၆ဦး စုစုပေါင်း ၂၀၀ဦးလိုက်ပါလာပြီး ဂျယ်ဂျူးကျွန်းကနေဆိုးလ်ကို ပျံသန်းလာခဲ့တာဖြစ်ပါတယ်။

အသက်၃၀အရွယ် အမျိုးသားဟာ မကြားသေးခင်ကအလုပ်ထုတ်ခံရလို့ စိတ်ဖိစီးပြီး အသက်ရှူကြပ်လာလို့အရေးပေါ်တံခါးပေါက်ကို ဖွင့်ခဲ့မိတာဖြစ်ကြောင်းထွက်ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့တခြားသူတွေကို အထိတ်တလန့်ဖြစ်စေခဲ့လို့ တောင်ကိုရီးယားတည်ဆဲဥပဒေအရ ထောင်ဒဏ်၁၀နှစ်အထိကျခံရဖွယ်ရှိနေပါတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *