လေဖိအား နည်းရပ်ဝန်းဖြစ်ပေါ်နိုင်သည့် အခြေအနေလျော့နည်းသွားပြီ

မေလ ၅ ရက် မှ မေလ ၈ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုဖြစ်ပေါ်ရာမှ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယနေ့ ဇွန်လ ၄ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် တိုင်းထွာချက်များအရ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေ လျော့နည်းသွားပြီး၊ မုတ်သုံလေ အားကောင်းလာနိုင်သည့်အခြေအနေသာ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဖြစ်ပေါ်နိုင်သည့် အခြေအနေ လျော့နည်းသွားသော်လည်း မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် ဇွန်လ ၈ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး ခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေ သည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့် အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေ ထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ရန်လည်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *