မွမ်ဘိုင်း၊ မေ ၁၇
အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ မေ ၁၃ရက်ညက လေပြင်းတိုက်ပြီး ဓာတ်ဆီရှေ့ ထောင်ထားတဲ့ ကြော်ငြာဘေလ်ဘုတ်ကြီး ပြိုကျကာ လူ ၁၄ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးရဲ့ ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ မီဒီယာတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၁၃ ရက်) မှာ ပြင်းထန်တဲ့ မိုးမုန်တိုင်းကြောင့် ဧရာမ ကြော်ငြာဘေလ်ဘုတ်ကြီး ပြိုကျခဲ့ပါတယ်။ အဲဒီမတော်တဆမှု့အပြီး ဘူ ၁၄ယောက် သေဆုံးခဲ့ပြီး အပျက်အစီးအောက်က လူ ၇၅ယောက် ကိုလည်း အမြန်ကယ်ထုတ်ခဲ့ရပါတယ်။
အခင်း ဖြစ်ပြီတဲ့နောက် မွမ်ဘိုင်းမြို့က ထွက်ပြေးသွားတဲ့ ကြော်ငြာဘုတ်ပိုင်ရှင် ဘာဘက်ရ် ဘဟင်ဒီကို ရဲတပ်ဖွဲ့က လူသေစေမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မွမ်ဘိုင်းမြို့ မြောက်ဘက် ကီလိုမီတာ ၈၀၀ အကွာက ခရီးသွားမြို့ အူဒါပူရ်မှာ မေ ၁၆ရက် ကြာသပတေးနေ့ နှောင်းပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ရဲတွဲဘက်ကော်မရှင်နာ လတ်ခမီ ဂူတမ် က Indian Express ကို ပြောဆိုခဲ့ပါတယ်။
“ဘဟင်ဒီဟာ အူဒါပူရ်မှာ နာမည်လွဲနဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုနေချိန် ဖမ်းဆီးခံခဲ့ရပါတယ်” လို့ရဲတွဲဘက်ကော်မရှင်နာ ဂူတမ်က ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့အဖွဲ့တွေက သူ့ကို ခြေရာခံဖို့ ကြိုးစားနေပြီး နောက်ဆုံးတော့ သူ့ကို ကြာသပတေးညနေခင်းမှာ ရှာတွေ့ခဲ့ပါတယ်။”လို့လည်း သူက ဆက်ပြောပါတယ်။
ဒီနေ့ မေ ၁၇ရက် သောကြာနေ့မှာတော့ AFP က ရဲကော်မရှင်နာကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ သိရပါတယ်။
Ref: AFP/rk(kg)
ပုံစာ။ ပြိုကျခဲ့တဲ့ ဆိုင်းဘုတ်ကြီးကို ရှင်းလင်းနေကြပုံ
Feature Image Credit: Reuters/Hemanshi Kamani



