ဒါကာ၊ ဩဂုတ် ၆
ဆန္ဒပြသူတွေ နန်းတော်ကို ဝင်တိုက်ခိုက်ချိန်မှာတော့ ဝန်ကြီးချုပ် ဟာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးခဲ့ရပါတယ်။ လတ်တလော စစ်တပ်က တိုင်းပြည်ကို ယာယီထိန်းသိမ်းထားပြီး ကြားဖြတ် အစိုးရ ဖွဲ့မယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်လာပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနေရာအနှံ့ အကြမ်းဖက်မှုတွေ လွှမ်းခြုံလာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာဟာ အစိုးရရဲ့ အလုပ်ခွဲတမ်းအချိုးအဆကို မကျေနပ်တဲ့ ကျောင်းသားနဲ့ လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေကို အကြမ်’ဖက်နှိမ်နှင်းခဲ့လို့ ဆန္ဒပြပွဲတွေမှာ လူရာနဲ့ချီ သေဆုံးပြီးတဲ့နောက် တနင်္လာနေ့ (သြဂုတ်လ ၅ ရက်) မှာတော့ အခြေအနေကို ဆက်မထိန်းချုပ်နှိင်တော့ဘဲ ရာထူးက နုတ်ထွက်ကာ နိုင်ငံတွင်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။
ဒါကာမြို့က ဆန္ဒပြသူတွေက ဟာစီနာ့ အဖေဖြစ်တဲ့ နိုင်ငံတည်ထောင်ရာမှာ ရှေ့တန်းက ဦးဆောင်ခဲ့သူ ရှိတ် မူဂျီဘာ ရာမန်ရဲ့ ရုပ်တုတစ်ခုပေါ်ကို တက်ပြီး ခေါင်းကို ပုဆိန်နဲ့ ခုတ်ထစ် ဖျက်ဆီးခဲ့ကြပါတယ်။
ဟာစီနာဟာ ဖခင်ဆီက နိုင်ငံရေးအမွေကို ရခဲ့သူ ဖြစ်ပါတယ်။ သူ့ဖခင် တည်ထောင်ခဲ့တဲ့ အဝါမီလိ့ခ်ပါတီကို ဆက်ခံရင်း တိုင်းပြည်ကို ၂၀၀၉ခုနှစ်ကစပြီး ဝန်ကြီးချုပ်သက်တမ်း သုံးကြိမ်ဆက်တိုက် ၁၅နှစ် အုပ်ချုပ်ခဲ့အပြီး ၂၀၂၄ ဇန်နဝါရီ ရွေးကောက်ပွဲမှာလည်း စတုထ္ထအကြိမ် အနိုင်ရကာနောက်ထပ် ငါးနှစ် ဆက်အုပ်ချုပ်နေတုန်းမှာပဲ ကျောင်းသားနဲ့ လူငယ်တွေရဲ့ အုံကြွမှုကနေစကာ အခုလို ရာထူးစွန့် တိုင်းပြည်စွန့် ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
Ref: CNA
ပုံစာ။ အောင်ပွဲခံနေတဲ့ ပြည်သူတွေကို တွေ့ရပုံ
Feature Image Credit: THE KATMANDU POST



