
photo Credit: AP/Sakchai Lalit
ဘန်ကောက်၊မတ် ၂၀
၂၀၂၃ခု မေလမှာ ကျင်းပတော့မယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ထိုင်းပါလီမန်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။
မေလ အထွေထွေရွေးကောက်ပွဲ မတိုင်မီမှာပဲ ထိုင်းဘုရင်မဟာဝိဇယ လောင်ကွန်း ဟာ ပါလီမန်ကို ဖျက်သိမ်း လိုက်တဲ့အကြောင်း မတ်လ ၁၇ရက်က ချမှတ်ခဲ့တဲ့ အမိန့်ကို တော်ဝင်အမိန့်တော်အဖြစ် ဒီနေ့ မတ်လ ၂၀ ရက်နေ့ တနင်္လာနေ့မှာ အများပြည်သူသိစေဖို့ ဘုရင့်ပြန်တမ်းအဖြစ် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ကို ဖျက်သိမ်းပြီး၄၅ ရက် ကနေ ရက်ပေါင်း ၆၀အတွင်း ရွေးကောက် ပွဲတွေ ကျင်းပရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဆိုခဲ့တဲ့ ဥပဒေအရ လာမယ့်ရွေးကောက်ပွဲတွေကို မေလ ၄ ရက်က နေ ၁၉ ရက်အတွင်းမှာ ကျင်းပရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီး တော်ဝင် ဂေဇက် ကနေ အစဥ်လာအတိုင်း ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ အစိုးရ လေးနှစ်သက်တမ်း မကုန်ဆုံးမီ ပါလီမန်ကို ဖျက်သိမ်းဖို့ တော်ဝင်အမိန့်ကို တောင်းဆိုခဲ့တဲ့ အကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို၂၀၁၉ခုနှစ် မတ် ၂၄ ရက်မှာ ကျင်းပခဲ့ပြီး ငါးနှစ်နီးပါးကြာ စစ်အုပ်ချုပ် ရေးကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် အနေနဲ့ အသွင်ကူးပြောင်းမှု တစ်ခု အနေနဲ့ အသွင်ကူးပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးပရာရွတ်ဟာ ၂၀၁၄ခုနှစ် ကတည်းက ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံ ယင်လပ်ရှင်နာဝပ်ရဲ့ အစိုးရဆီက အာဏာကို သိမ်းယူခဲ့ပြီး ငါးနှစ်အကြာ ၂၀၁၉ ရောက်မှ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။ အဲဒိရွေးကောက်ပွဲမှာလည်း သူက ဝင်ပြိုင်ပြီး အနိုင်ရခဲ့တာမို့ အခု ပါလီမန်ကို မဖျက်သိမ်းခင် ၂၀၂၃ မတ်လ အထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူးကို ရယူထားသူဖြစ်ပါတယ်။
Ref:CAN

Photo Credit: Narong Sangnak—EPA